အရေးပေါ်အကူအညီလိုနေတဲ့ မြန်မာ၃သန်းကို စစ်အုပ်စု လက်နက်သဖွယ်အသုံးချနေ

၁၄၊ အောက်တိုဘာလ၊ ၂၀၂၁။

အရေးပေါ်အကူအညီလိုအပ်နေတဲ့ မြန်မာလူဦးရေ၃သန်းကို အကြမ်းဖက်စစ်အုပ်စုက လက်နက်သဖွယ်အသုံးချနေတယ်လို့ လူ့အခွင့်အရေးဆိုင်ရာအာဆီယံပါလီမန်အမတ်များအဖွဲ့(APHR) ရဲ့ အိတ်ဖွင့်ပေးစာမှာဖော်ပြထားပါတယ်။

အဲဒီအိတ်ဖွင့်ပေးစာကို မြန်မာအရပ်ဖက်အဖွဲ့တွေနဲ့ ဒေသတွင်းအစိုးရမဟုတ်တဲ့အဖွဲ့အစည်း၅၂ဖွဲ့က လက်မှတ်ရေးထိုးထားပြီး အောက်တိုဘာလကုန်ပိုင်းမှာအာဆီယံထိပ်သီးအစည်းအဝေးကျင်းပတဲ့အခါ မြန်မာအာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကိုမဖိတ်ဘဲချန်ထားဖို့ အဓိကတိုက်တွန်းထားတာပါ။

အကြမ်းဖက်စစ်အုပ်စုဟာလူသားချင်း စာနာမှု အကူအညီတွေ သယ်ဆောင် ဖြန့်ဝေမှုကို ပိတ်ပင်တာ၊ ကူးသန်းသွားလာခွင့် အကန့်အသတ်တွေ ချမှတ်တာ၊ ကယ်ဆယ်ရေး ပစ္စည်းတွေကို သိမ်းယူ ဖျက်ဆီးတာ၊ ပရဟိတဝန်ထမ်းတွေ အပါအဝင် အရပ်သားတွေကို ရန်မူတိုက်ခိုက်တာ စတဲ့ လုပ်ရပ်တွေဟာ စစ်အုပ်စုရဲ့ အကူအညီလိုအပ်နေသူတွေကို လက်နက်သဖွယ်အသုံးချတာဖြစ်တယ်လို့ဆိုပါတယ်။

‘ဒုက္ခရောက်နေတဲ့ပြည်သူတွေကို ပြစားတယ်ဆိုတာ အာဏာရှင်တွေရဲ့ ယုတ်မာတဲ့နည်းနာတစ်ခုပါ ပဲ။ ပြည်သူကိုကူချင်လား၊ကူချင်ရင် ငါတို့ကို ဘာပြန်ပေးဆိုတာမျိုး၊လှူတဲ့ပစ္စည်းတွေကို အလှူရှင်ပြန်သွား တာနဲ့ သိမ်းပစ်လိုက်တာမျိုးက နာဂစ်ဖြစ်ကတည်းက စစ်တပ်ကကောင်တွေလုပ်စားခဲ့တာ’လို့ မုံရွာမြို့ အခြေစိုက် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးကပြောပါတယ်။

လက်ရှိမှာ စစ်တပ်က ရွာဝင်လုယက်ဖျက်ဆီးပြီး ပြည်သူကိုပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ် ရှောင်ပြည်သူတွေရှိလာပါတယ်။

အောက်တိုဘာ၁၂ရက်နေ့ ည၆နာရီခွဲကလည်း ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါကားလမ်းမဘေး၊အိမ်ခြေ ၄၀လောက်ရှိတဲ့၅၆မိုင်စခန်းရွာကို အကြမ်းဖက်စစ်အုပ်စုက ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ကုလသမဂ္ဂစာရင်းအရ အရေးပေါ်အကူအညီလိုအပ်နေတဲ့ မြန်မာ၃သန်းကို အကူအညီပေးဖို့ ကန်ဒေါ်လာ ၃၈၅ သန်း တောင်းခံထားရမှာ လက်ရှိအချိန်ထိ ရန်ပုံငွေ တဝက်လောက်တောင် မရရှိသေးပါဘူး။ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖာနီ ဒူဂျာရစ်က ကုလအဖွဲ့ဝင်နိုင်ငံတွေအားလုံးအနေနဲ့ မြန်မာနိုင်ငံကို ကူညီနိုင်ဖို့ ရန်ပုံငွေအတွက် အရင်ကထက် ပိုမိုပြီး အလှူငွေ ထည့်ဝင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။