နော်ဝေနိုင်ငံမှာ အမျိုးသားတစ်ဦး လေးမြားနဲ့ တိုက်ခိုက်လို့ လူ ၅ ဦးသေ

၁၄၊ အောက်တိုဘာလ၊ ၂၀၂၁။

နော်ဝေနိုင်ငံ၊ ကောင်းစဘက်ဂ်မြို့မှာ အမျိုးသားတစ်ဦးက လေးနဲ့မြားကို အသုံးပြုပြီး တိုက်ခိုက်ခဲ့လို့ လူ ၅ ဦး သေဆုံးပြီး ၂ ဦးနဲ့အထက် ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ နိုင်ငံတကာမီဒီယာတွေက ဖော်ပြပါတယ်။

နော်ဝေ ရဲတပ်ဖွဲ့က ဒီတိုက်ခိုက်မှုကို အမျိုးသားတစ်ဦးတည်းပြုလုပ်ခဲ့တာလို့ ကနဦး ကောက်ချက်ချထားပြီး စစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ 

ကောင်းစဘက်စ်မြို့ဟာ မြို့တော် အော်စလိုရဲ့ အနောက်တောင်ဘက်မှာ တည်ရှိတဲ့ မြို့ဖြစ်ပါတယ်။ တိုက်ခိုက်မှုဟာ ဒေသစံတော်ချိန် ၁၈ နာရီ ၁၃ မိနစ်မှာဖြစ်ခဲ့တာဖြစ်ပြီး နော်ဝေဝန်ကြီးချုပ် အာနာဆောဘတ်ဂ်ကတော့ ဒီတိုက်ခိုက်မှုကို  ထိတ်လန့်စရာ ဖြစ်ရပ်လို့ မှတ်ချက်ပြုပါတယ်။

နော်ဝေဝန်ကြီးချုပ်က “လူတွေအားလုံး ထိတ်လန့်နေမယ်ဆိုတာ နားလည်တယ်”လို့  ပြောပါတယ်။ လက်ရှိမှာ တာဝန်ရှိရဲတပ်ဖွဲ့အနေနဲ့လည်း အခြေအနေကို ထိန်းသိမ်းလိုက်ပြီလို့ သူက ဆက်ပြောပါတယ်။ 

တိုက်ခိုက်မှုဟာ ကောင်းစဘတ်ဂ်မြို့အနောက်ဘက် စူပါမားကတ်တစ်ခုကနေ စတင်ခဲ့တာလို့ ဆိုပါတယ်။ ဒဏ်ရာရရှိသူတွေထဲမှာ တာဝန်ကျရဲအရာရှိတစ်ဦးလည်း ပါဝင်ခဲ့ပေမယ့် ဆိုင်တွင်းက ဝန်ထမ်းတွေကတော့ ထိခိုက်မှုတွေ မရှိခဲ့ပါဘူး။ 

ဒေသစံတော်ချိန် ၁၈ နာရီ ၄၇ မိနစ်မှာတော့ လေးသမားနဲ့ ရဲတွေအကြား ထိပ်တိုက်တွေ့ဆုံခဲ့ကြတယ်လို့လည်း သတင်းအချို့က ဖော်ပြပါတယ်။ 

ဖြစ်ရပ်ကို တွေ့မြင်ခဲ့ရတဲ့ မျက်မြင်သက်သေ အမျိုးသမီးတစ်ဦးက “ထောင့်တစ်ခုမှာ လေးနဲ့ မြားကို ကိုင်ဆောင်ထားတဲ့ အမျိုးသားတစ်ဦးကိုတွေ့ရတယ်”လို့  ပြောပါတယ်။

 အဲ့ဒီနောက် “လူတွေ အသက်လုပြေးနေတာကို မြင်ခဲ့ရတယ်။  ဒီထဲမှာ ကလေးကို ချီပိုးထားတဲ့ အမျိုးသမီးတစ်ဦးလည်းပါတယ်”လို့ သူမက ဆက်ပြောပါတယ်။ 

တိုက်ခိုက်သူဟာ အစောပိုင်းမှာ ထွက်ပြေးတိမ်းရှောင်ခဲ့တာကြောင့် ရဲတပ်ဖွဲ့က မြို့တွင်း ပိုက်စိပ်တိုက် ရှာဖွေမှု‌တွေပြုလုပ်ခဲ့ပြီး ဒေသခံတွေကိုလည်း အိမ်ပြင်မထွက်ကြဖို့ အထူးသတိပေးခဲ့ပါတယ်။

တိုက်ခိုက်သူကို ဖမ်းဆီးရာမှာ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ရဲကားတွေအပါအဝင် လူနာတင်ယာဉ်များစွာနဲ့ ရဟတ်ယာဉ်တွေတောင် အသုံးပြုခဲ့ရတာပါ။

အခုအခါမှာ သံသယရှိသူ နော်ဝေအမျိုးသားကိုတော့ ဒရမ်မန်ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။