ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး(ငြိမ်း) ကွယ်လွန်

၁၃၊ အောက်တိုဘာလ၊ ၂၀၂၁။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး(ငြိမ်း) ဦးတင်စောဟာ အောက်တိုဘာလ ၁၂ရက်နေ့ ည ၁၀နာရီအချိန်မှာ ကွယ်လွန်သွားခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ဝန်ကြီး(ငြိမ်း)ဦးတင်စောဟာ အကြမ်းဖက်စစ်အုပ်စုက စတင်အာဏာသိမ်းယူချိန်မှာ ထိန်းသိမ်းခံထားရပြီးနောက်မှာ ကျန်းမာရေးကြောင့် ရန်ကုန်ဆေးရုံကြီးမှာ ဆေးဝါးကုသမှု ခံယူနေစဉ် ဆုံးပါးသွားခဲ့တာလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

“အကြောင်းရာတွေတော့ မေးလို့အဆင်မပြေဘူး၊ ဒီနေ့မှ ဝန်ကြီးနာရေးကို မြောင်းမြမြို့မှာ မိုက်နဲ့လိုက်အော်လို့ သိရရင်း စုံစမ်းကြည့်တာမှာ ရန်ကုန်မှာဆေးကုသရင်း ဆုံးသွားတာလို့ သိရပါတယ်၊ မနက်ဖြန် မြေချမယ်လို့ သိရပါတယ်”လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

ဦးတင်စောဟာကွယ်လွန်ချိန်မှာ အသက် ၇၂နှစ်ရှိပြီဖြစ်ပြီး၂၀၂၀အထွေထွေရွေးကောက်ပွဲမှာလည်း ကျန်းမာရေးကြောင့် ဝင်ရောက်ရွေးချယ်ယှဉ်ပြိုင်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။