ဖျာပုံမှာ ဒလန်လို့နာမည်ကြီး​နေသူတစ်ဦး သေ

၁၉ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

ဖျာပုံမြို့မှာ ဩဂုတ်လ ၁၉ရက်နေ့ နေ့လည် ၁၁နာရီခန့်က ဒလန်လို့ နာမည်ကြီးနေတဲ့ ဦးအောင်ကျော်စိုး (ခ) မင်းသားကြီးဆိုသူဟာ ကျွန်းတောလမ်းနဲ့ ၉လမ်းထောင့်အနီးမှာ ဦးခေါင်းပွင့်ထွက် ဒဏ်ရာနဲ့ ဆိုင်ကယ်မှောက်ပြီး သေသွားခဲ့ပါတယ်။

သေနတ်နဲ့အပစ်ခံရပြီး​နောက် ဆိုင်ကယ်တိမ်းမှောက်ကာ သေဆုံးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ဦးအောင်ကျော်စိုးရဲ့ မိသားစုဝင်တွေကတော့

သွေးတိုးပြီး ဆိုင်ကယ်မှောက်ကာ သေဆုံးသွားတာလို့ ငြင်းဆန်ထားပါတယ်။

ဦးအောင်ကျော်စိုးရဲ့ ဘယ်ဘက်နားထင်နားမှာ ကျည်ဆံရာလိုမျိုး အပေါက်တစ်ခုဖြစ်ကာ သေဆုံးခဲ့တာဖြစ်ပေမဲ့ ဒီဒဏ်ရာဟာ ဝက်ခြံကဲ့သို့ အသားပို အဆီအခဲထွက်တာလို့ ဆိုပါတယ်။

စစ်အုပ်စုလက်အောက်ခံ မှုခင်းဆရာဝန်ကလည်း အလောင်းကိုခွဲစိတ်ရာမှာ ကျည်ဒဏ်ရာကဲ့သို့ ဘောစိ၊ခဲသီးတွေ မတွေ့ရဘူးလို့ ဆေးမှတ်တမ်းမှာ ဖော်ပြခဲ့ပါတယ်။

ဒီ​နေ့မနက်မှာ ဦးအောင်ကျော်စိုးဟာ ရွှေသွားဝယ်မယ်ဆိုပြီး နေအိမ်က ထွက်ခွါသွားခဲ့တာလို့ သိရပါတယ်။

အလောင်းရဲ့ ကိုယ်ပေါ်မှာ ရွှေဝယ်လာတဲ့ ဘောက်ချာနဲ့အတူတူ ရွှေဗူးကိုပါ မပျောက်ရှဘဲ တွေ့ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဦးအောင်ကျော်စိုးဟာ ဖျာပုံမြို့မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ အတူပူးပေါင်းပြီး သတင်းပေးလုပ်ဆောင်တာတွေ ပူးပေါင်းစီးပွါးရှာဖွေမှုတွေ လုပ်ဆောင်နေသူတစ်ဦးလို့လည်း ဒေသခံတွေပြောပါတယ်။