မင်းတပ်တိုက်ပွဲ တပ်ရင်းမှူး8အပါအဝင် စစ်အုပ်စုတပ်ဖွဲ့ဝင် ဆယ်ဦး ထပ်မံသေဆုံး

၃၁၊ ဇူလိုင်လ၊ ၂၀၂၁။

မင်းတပ်မြို့နယ်နဲ့ အနီးတစ်၀ိုက်မှာဖြစ်နေတဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)နဲ့ အာဏာသိမ်းစစ်အုပ်စုတပ်​တွေ အကြားတိုက်ပွဲမှာ စစ်အုပ်စု တပ်ရင်းမှူးတစ်ဦး အပါအဝင် ၁၀ဦးထပ်မံ သေဆုံးခဲ့တယ်လို့ CDFက ဒီနေ့ညနေမှာ ထုတ်ပြန်လိုက်ပါတယ်။

ဇူလိုင် ၃၀ရက်က မင်းတပ် – မတူပီလမ်းပိုင်း တိုက်ပွဲမှာ တပ်ရင်းမှူးဖြစ်သူ ဒုတိယဗိုလ်မှူးကြီး ဇော်ဇော်စိုး သေဆုံးခဲ့ပြီး သူ့မိသားစုက သတင်းစာမှာ ဖော်ပြထားတဲ့ နာရေးကြေညာကို ဖော်ပြကာ CDFက သတင်းထုတ်ပြန်ခဲ့တာပါ။

အဲဒီတိုက်ပွဲမှာ CDF တပ်ဖွဲ့ဝင် ၃ဦးလည်း ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မင်းတပ်မြို့နယ် CDFနဲ့ အာဏာသိမ်းစစ်အုပ်စုတို့အကြားက အပစ်ရပ်စဲရေးကို ထပ်မံ သက်တမ်းမတိုးနိုင်ဘဲ ဇူလိုင် ၂၁ရက်က စပြီး တိုက်ပွဲတွေနေ့စဉ်ဖြစ်ပေါ်နေတာပါ။

ဇူလိုင် ၂၁ရက်ကနေ ၂၉ရက်အတွင်း တိုက်ပွဲတွေမှာ စစ်အုပ်စုတပ်က ၁၆ဦးထက်မနည်းသေဆုံးခဲ့ပြီး CDFဘက်က ၁၂ဦး ကျဆုံးထားတယ်လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့က မနေ့ညက ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲတွေမှာ စစ်အုပ်စုတပ်စခန်းတစ်ခုဖြစ်တယ် မကွီအိမ်နူးစခန်းကို CDFက သိမ်းပိုက်ခဲ့နိုင်ပြီး လက်နက် ၂၂လက်ရရှိထားတယ်လို့ သိရပါတယ်။

ဒါ့ပြင် အဲဒီတပ်စခန်းက ဗိုလ်ကြီးတစ်ဦးဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှုဖြစ်တဲ့ CDM မှာ ပါဝင်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုဟာ အပစ်ရပ်စဲရေး သက်တမ်းမတိုးနိုင်တဲ့ အခြေအနေမှာ မင်းတပ်မြို့နယ်ကို စစ်ကြောင်း ၃ခုလောက်နဲ့ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေပြင်းထန်ခဲ့တာလို့ CDF ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

စစ်အုပ်စုကို ခုခံတိုက်ခိုက်ရာမှာ မင်းတပ် CDFနဲ့အတူ မတူပီနဲ့ ကန်ပက်လက်မြို့နယ်တွေက CDF အဖွဲ့ဝင်တွေရော၊ ချင်းအမျိုးသားတပ်ဦး(CNF) တပ်ဖွဲ့ဝင်တွေအတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

စစ်အုပ်စုဘက်က ဆက်လက်ထိုးစစ်ဆင်နေမယ်ဆိုရင်တော့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေမှာ ဖြစ်တယ်လို့ CDF ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

CDF ဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ တိုက်ပွဲခေါ်သံကို စောင့်ရင်း အကြမ်းဖက်စစ်အုပ်စုကို ခုခံတော်လှန်နေတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။