NUG အစိုးရက ရေဘေးသင့်ပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီတွေထောက်ပံ့

၁ ၊ သြဂုတ်လ ၊ ၂၀၂၁။

မြန်မာနိုင်ငံနေရာအချို့က ရေကြီးရေလျှံမှုတွေ အတွက် အမျိုးသားညီညွှတ်ရေး အစိုးရ (NUG) ရဲ့ လူသားချင်းစာနာထောက်ထားရေး နဲ့ ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးအပ်ခဲ့တယ်လို့ထုတ်ပြန်လိုက်ပါတယ်။

မွန်ပြည်နယ်က မြေပြိုမှုကြောင့် နေအိမ်ထိခိုက်သွားတဲ့ မိသားစု ၉ စုကို မိသားတစုလျှင် တသိန်းနှုန်းနဲ့ ငွေကျပ် ကိုးသိန်း ပေးအပ်ခဲ့ပြီး အဲဒီလို မြေပြိုလို့ လူပိထိခိုက်ခဲ့တဲ့ မိသားစုအတွက် ငွေကျပ် တသိန်းကိုလည်းကောင်း ဇူလိုင်လ ၂၉ ရက်နေ့က ထောက်ပံ့ခဲ့တယ်လို သိရပါတယ် ။

ဒါ့အပြင် မွန်ပြည်နယ်က ရေဘေးသင့်ပြည်သူတွေအတွက် တအိမ်ထောင်လျှင် ဆန် ၆ ပြည် နှုန်းနဲ့ ဆန်အိတ်ပေါင်း ၃၉၀ အိတ်အတွက် ကျသင့်ငွေ နှစ်ဆယ့်ခုနှစ်သိန်း ၊

ကရင်ပြည်နယ်က ရေဘေးသင့်ပြည်သူ ၂၈၀၀ အတွက် ဆန်ရိက္ခာဖိုး ငွေကျပ် နှစ်ဆယ်ငါးသိန်းနှစ်သောင်းနဲ့ လူသားချင်း စာနာမှု အကူအညီတွေ ပေးအပ်ခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ ၊ လူသားချင်းစာနာထောက်ထားရေး နဲ့ ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲဒီလို အကူအညီတွေ ပေးအပ်ရာမှာ ပူးပေါင်းကူညီပေးတဲ့ ပြည်သူတွေကိုလည်း အထူးကျေးဇူးတင် ဂုဏ်ပြုအပ်တယ်လို့ ဆိုပါတယ် ။ အခုလို ပြည်သူတွေရဲ့ ရင်ဆိုင်နေရတဲ့ ဘေးအန္တရာယ်တွေအတွက် အခက်အခဲတွေ ရှိနေတဲ့ကြားကနေ ဝန်ကြီးဌာနအနေနဲ့ ကူညီထောက်ပံ့မှုတွေ ဆက်လုပ်ပြီး လုပ်ဆောင်ပေးသွားမယ်လို့လည်း ဖေါ်ပြထားပါတယ် ။