ဆေးရုံကြီး ၁၄ခုအတွက် လူနာတင်ယာဉ်တွေ ဂျပန်လှူဒါန်း

၂၀ ၊ ဩဂုတ်လ ၊ ၂၀၂၁ ။

ကိုဗစ်တတိယလှိုင်းဒဏ် ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံအတွက် အသက်ကယ်လူနာတင်ယာဉ်တွေ လှူဒါန်းလိုက်တယ်လို့ ဂျပန်သံရုံးက ဩဂုတ်လ ၁၉ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ကိုဗစ်လူနာတွေကို အရေးပေါ်သယ်ပို့ရာမှာ အထောက်အကူပြုစေဖို့အတွက် အခုလိုလှူဒါန်းတာဖြစ်ပြီး မြန်မာနိုင်ငံတဝှမ်းက ကျန်းမာရေးစောင့်ရှောက်မှု ဌာနတွေကို ပေးအပ်သွားဖို့ ဆုံးဖြတ်ခဲ့တာလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် ၊ မြောက်ဥက္ကလာပ ၊ ဝေဘာဂီအထူးကုဆေးရုံ ၊ မြစ်ကြီးနား ၊ လွိုင်ကော် ၊ မုံရွာ ၊ ပဲခူး ၊ ပြည် ၊ မော်လမြိုင် ၊ စစ်တွေ ၊ လားရှိုးနဲ့ ပုသိမ် စတဲ့ အထွေထွေရောဂါကုဆေးရုံကြီး ၁၄ရုံမှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။

ဩဂုတ်လအတွင်း မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုနှုန်းဟာ ၃၀ရာခိုင်နှုန်းကနေ ၄၀ရာခိုင်နှုန်းရှိနေပြီး ကိုဗစ်လူနာသစ်နဲ့ သေဆုံးသူဦးရေဟာလည်း နေ့စဉ်မြင့်တက်နေပါတယ်။ ဒါ့အပြင် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီတာ ၊ ဆေးရုံတွေမှာ လူနာတင်ကုတင်မလုံလောက်တာနဲ့ အောက်ဆီဂျင်ပြတ်လပ်မှု အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

လူနာတင်ယာဉ် လှူဒါန်းမှုကုန်ကျငွေလှူဟာ မနှစ်က စတင်အကောင်အထည်ဖော်ခဲ့တဲ့ အမေရိကန်ဒေါ်လာ ၅ ဒဿမ ၁၈ သန်းတန်ဖိုးရှိ ဂျပန်အစိုးရရဲ့ ကျန်းမာရေးထောက်ပံ့မှု အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။