စစ်တပ်အာဏာသိမ်းပြီး ၆ လအတွင်း ကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်း

၁၃ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

အကြမ်းဖက်စစ်အုပ်စုက နိုင်ငံ့အာဏာကို လုယူပြီးနောက်မှာ ဩဂုတ်လ ၁၃ရက်နေ့ ညနေပိုင်းမှာ ပြည်တွင်းစျေးကွက်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ ဆယ်စုနှစ်တစ်ခုအတွင်း အမြင့်ဆုံး စံချိန်အဖြစ် တစ်ဒေါ်လာကို ၁၇၃၀ကျပ်အထိ ရောက်ရှိခဲ့ပြီး မြန်မာ့ငွေကျပ်တန်ဖိုးဟာ ၂၉ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကာ

စံချိန်တင် ငွေကြေးတန်ဖိုး ကျဆင်းမှုတစ်ခုဖြစ်လာခဲ့ပါတယ်။

ကမ္ဘာ့ရွှေစျေး ၁၇၅၇ဒေါ်လာဝန်းကျင်ရှိနေရာမှာ ပြည်တွင်းရွှေစျေးကွက်အတွင်းမှာတော့ ၁၆ပဲရည် အခေါက်ရွှေစျေးနှုန်းဟာ ၁၆၂၀၀၀၀ကျပ်ဝန်းကျင်ရှိနေပြီး ၁၅ပဲရည် ရွှေစျေးနှုန်းဟာ ၁၅၂၅၀၀၀ကျပ် ဝန်းကျင်ဖြစ်ပေါ်ခဲ့ပါတယ်။

အကြမ်းဖက်စစ်အုပ်စုလက်အောက် ဘဏ်လုပ်ငန်းတွေ မလည်ပတ်နိုင်မှု၊ ပြည်တွင်း ကျပ်ငွေအတွက် တိကျတဲ့ အာမခံချက် မပေးနိုင်မှုတွေနဲ့ ဘဏ်အချို့ ပြိုလဲတော့မယ်လို့ ကောလဟာလတွေ ထွက်ပေါ်ပြီးနောက်မှာ အခုလို မြန်မာ့ငွေကြေးတန်ဖိုးက စံချိန်တင် ကျဆင်းခဲ့ခြင်းဖြစ်ပါတယ်။

ဘဏ်လုပ်ငန်းစဉ်တွေ အပြည့်ကို ပြန်လည်လည်ပတ်နိုင်ဖို့ မစွမ်းနိုင်တဲ့ စစ်အုပ်ဟာ ကျပ်ငွေတွေနဲ့ ပက်သက်ပြီးတော့လည်း တိကျတဲ့ အာမခံချက် မပေးတာတွေကြောင့် အခုလို ကျဆင်းရတာဖြစ်တယ်လို့ စီးပွါးရေးလုပ်ငန်းရှင်တွေက ဆိုပါတယ်။

နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်နေတာကို လျော့နည်းစေဖို့နဲ့ နိုင်ငံခြားသုံးသီးသန့်အရံငွေတွေ ဖြည့်တင်းနိုင်ဖို့ဆိုကာ

ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင်လေလံတွေကိုလည်း ဆက်တိုက်ရောင်းချခဲ့ပေမဲ့ အခုလို ငွေလဲလှယ်နှုန်း ဆက်လက်မြင့်တက်နေကာ မြန်မာ့ငွေတန်ဖိုး စံချိန်တင် ကျဆင်းသွားခဲ့တာပဲဖြစ်ပါတယ်။

စစ်အုပ်စုလက်အောက်ခံ ဗဟိုဘဏ်က ဇူလိုင်လ တစ်လအတွင်းမှာပဲ နိုင်ငံခြားငွေ စျေးပြိုင်လေလံနဲ့ ဒေါ်လာရောင်းချခဲ့မှုဟာ ၁၂ကြိမ်ထိ ရှိခဲ့ပြီး ဒေါ်လာ ၃၉သန်းအထိ ရောင်းချခဲ့တာပါ။

ဩဂုတ်လအတွင်းမှာလည်း ဩဂုတ်လ ၁၂ရက်နေ့အထိ စျေးပြိုင်လေလံနဲ့ ၅ကြိမ်အထိ ရောင်းချခဲ့ပြီး ဒေါ်လာ ၁၃သန်းအထိ ရောင်းချခဲ့ပြီးဖြစ်ပါတယ်။