အာဆီယံပါလီမန်များညီလာခံမှာ CRPHကို ချန်လှပ်ထားမှုအပေါ် ရှုတ်ချ

၂၂ ၊ ဩဂုတ်လ ၊ ၂၀၂၁ ။

အာဆီယံနိုင်ငံတွေရဲ့ လွှတ်တော်တွေအနက် အမြင့်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ အာဆီယံပါလီမန်များညီလာခံမှာ ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ကိုယ်စားလှယ်တွေကို ချန်လှပ်ထားပြီး အကြမ်းဖက်စစ်အုပ်စုက ကိုယ်စားလှယ်ကို လေ့လာသူအဖြစ် တက်ရောက်ခွင့်ပေးမှုအပေါ် CRPH က မေးခွန်းထုတ်ဝေဖန်ရှုတ်ချလိုက်ပါတယ်။

(၄၂)ကြိမ်မြောက် အာဆီယံပါလီမန်များညီလာခံကို ဘရူနိုင်းနိုင်ငံမှာ ဩဂုတ်လ ၂၂ရက်ကနေ ၂၅ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။ ဒီညီလာခံမှာ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီမှ ဒေါ်မြတ်သီတာထွန်းနဲ့ ဦးစည်သူမောင်တို့က တက်ရောက်ဖို့ အမည်စာရင်း တင်သွင်းထားခဲ့ပါတယ်။

ဒီလိုအမည်စာရင်းတင်သွင်းထားမှုကို အာဆီယံပါလီမန်ညီလာခံ အလှည့်ကျဥက္ကဌဖြစ်သူ ဘရူးနိုင်းဥပဒေပြုကောင်စီ ဥက္ကဌ H.E. Pehin Dato Abdul Rahman Taib က လွှတ်တော်ဆိုင်ရာ ယဉ်ကျေးမှုနဲ့အညီ ပြန်ကြားခဲ့ခြင်းမရှိဘဲ စစ်အုပ်စုရဲ့ကိုယ်စားလှယ်ကို လေ့လာသူအဖြစ် တက်ရောက်ခွင့်ပြုခဲ့ခြင်းဟာ အာဆီယံလွှတ်တော် အသိုက်အဝန်းကို ဒီမိုကရေစီစံနှုန်းနဲ့ မညီတဲ့ လမ်းစဉ်တစ်ခုကို ဦးတည်စေခဲ့ပြီး ဒီမိုကရေစီကိုကျော်လွန်ပြီး အာဏာရှင်စနစ်ကို ရွေးချယ်ခြင်းဟာ လိုက်နာရမယ့် နိုင်ငံရေးစည်းမျဉ်းကို ကျော်လွန်ပြီး နိုင်ငံရေး သတ္တိကြောင်တာဖြစ်တယ်လို့ CRPHက ဆိုပါတယ်။

အခုလိုဖြစ်ပေါ်ခဲ့မှုဟာ နားလည်မှုတစ်စုံတစ်ရာ လွဲချော်ခဲ့ခြင်းဖြစ်ပါက အလျင်အမြန် ရှင်းလင်းရန်လိုအပ်ပြီး မြန်မာနိုင်ငံရဲ့ ရွေးကောက်ခံတရားဝင်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကို ဖိတ်ခေါ်ဖို့ ဆုံးဖြတ်ခဲ့ပါက အစည်းအဝေးကို အလေးထားတက်ရောက်သွားဖို့ ရှိတယ်လို့ CRPH ကထုတ်ပြန်စာမှာ ထည့်သွင်းဖော်ပြထားပါတယ်။