NUG က မွန်တော်လှန်ရေးနေ့အတွက် သဝဏ်လွှာပေးပို့

၂၂၊ ဩဂုတ်လ၊ ၂၀၂၁။

စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းရေးနဲ့ ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်ရေးအတွက် ၀ိုင်းဝန်းကြိုးစားရမှာဖြစ်တယ်လို့ ဩဂုတ် ၂၂ရက်မှာ ကျရောက်တဲ့ မွန်တော်လှန်ရေးနေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရက သဝဏ်လွှာပေးပို့ တိုက်တွန်းလိုက်ပါတယ်။

ဒီလို စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းနိုင်တဲ့ အထိ၀ိုင်းဝန်း ကြိုးပမ်းတဲ့အခါမှာ မွန်ပြည်သူတွေနဲ့ တိုင်းရင်းသား လူမျိုးအားလုံးက ပူးပေါင်း ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

၇၄ နှစ်မြောက် မွန်တော်လှန်ရေးနေ့မှာ အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ ၁၉၄၈ ခုနှစ် တော်လှန်ရေးကာလမှာ ကျဆုံးခဲ့တဲ့ မွန်အမျိုးသား ခေါင်းဆောင်ကြီးတွေကို သတိရအောက်မေ့တယ်လို့ ဖော်ပြထားပါတယ်။

မွန် ခေါင်းဆောင်ကြီးတွေနဲ့အတူ မွေးဖွားလာတဲ့ မွန်လူမျိုးတွေရဲ့ တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ မြန်မာနိုင်ငံမှာ ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေး ရည်မှန်းချက်တွေ အောင်မြင်ပါစေလို့ လေးနက်စွာဆန္ဒပြုကြောင်းလည်း သဝဏ်လွှာမှာ ပါရှိပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရရှိခဲ့ပေမယ့် အုပ်ချုပ်သူဗဟိုအစိုးရအဆက်ဆက်က တိုင်းရင်းသားတို့ရဲ့ ရသင့်ရထိုက်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးနဲ့ ဖက်ဒရယ်နိုင်ငံထူထောင်ရေးကတိကဝတ် တောင်းဆိုချက်တွေ အပေါ် လျစ်လျှူရှုကာ လက်နက်နဲ့ ဖြေရှင်းတဲ့ ယဉ်ကျေးမှု ဟာ အမြစ်တွယ်ခဲ့တာ နှစ်ပေါင်း ၇၀ ရှိခဲ့ပြီဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ မြန်မာစစ်တပ်က အာဏာ သိမ်းလိုက်ခြင်းဟာလည်း နိုင်ငံရေးမှာ စစ်တပ်က ထာဝရဝင်ရောက်စွက်ဖက်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ခြင်း ဖြစ်တဲ့အတွက် မြန်မာ နိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးတို့အတွက် ပို၍ပင်ဝေးကွာသွား စေနိုင်တယ်လို့ ထင်မြင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။