မွန်နဲ့ကရင်နယ်စပ်ကျေးရွာတွေက စစ်ဘေးရှောင်တွေနေရပ်ပြန်လာဖို့ပြောဆိုမှု လက်တွေ့နဲ့မကိုက်ညီ


Photo – Social Media

ဧပြီ၊ ၂၈

မွန်နဲ့ကရင်နယ်စပ်ဓမ္မသကျေးရွာအပါအဝင် ကျေးရွာအများစုမှာ တိုက်ပွဲကြောင့် နေရပ်စွန်ခွာတိမ်းရှောင်နေရတဲ့ပြည်သူတွေ နေရပ်ပြန်လာနေထိုင်ကြဖို့ စစ်ကောင်စီရဲ့ ပြောဆိုချက်က လက်တွေ့မှာ မဖြစ်နိုင်သေးဘူးလို့ ဒေသခံတွေနဲ့ စစ်ရှောင်အကူအညီပေးနေသူတွေက ပြောပါတယ်။

“တချို့ရွာထဲမှာ စစ်သားတွေ ရှိနေတုန်းပဲလေ၊ ဘယ်လိုလုပ်ပြီး ပြန်ဝင်နေလို့ရမလဲ၊ သူတို့တွေက လူတွေ့ရင် ပစ်သတ်နေတာ မျိုးရှိတယ်လေ၊ အခု ပြန်ရင် မဖြစ်နိုင်သေးဘူး၊ လက်တွေ့မဆန်ဘူးလေ၊ မြေပြင်အခြေအနေက လူကြီးတွေ မသိဘူးနော်” လို့ ရွာလုံးကျွတ်နီးပါးမီးလောင်ပျက်စီးသွားတဲ့ ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာ ဒေသခံအမျိုးသမီးတဦးက DNA ကို ပြောပါတယ်။

စစ်ကောင်စီရဲ့မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအပါအဝင် ဌာနဆိုင်ရာဝန်ကြီးတွေ ရွာလုံးကျွတ်နီးပါးနေအိမ်မီးလောင်ပြာကျထားတဲ့ ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာကို မနေ့ကဧပြီလ ၂၇ရက်

နေ့မှာ သွားရောက်ကြည့်ရှု့ခဲ့ပြီးနောက် အခုလို ဒေသခံတွေကို နေရပ်ပြန်လာနေထိုင်ကြဖို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ဓမ္မသကျေးရွာနဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေမှာ တည်ငြိမ်အေးချမ်းနေပြီးဖြစ်တဲ့အတွက် ရွာသူရွာသားတွေအနေနဲ့ မိမိနေရပ်ကို သွားရောက်ပြီး ပြန်လည်အခြေချနေထိုင်ကြဖို့၊ ပြန်လည်ဝင်ရောက်နေထိုင်ကြမယ့် ရွာသူရွာသားတွေအနေနဲ့လည်း မစိုးရိမ်မပူပန်ကြဖို့နဲ့ သက်ဆိုင်ရာ ဆွေးမျိုးသားချင်းတွေကို လက်ဆင့်ကမ်း ပြန်လည်ပြောကြားပေးဖို့ ရွာသူရွာသားတွေနဲ့ တွေ့ဆုံချိန်မှာ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် စစ်ကောင်စီခန့်ဦးအောင်ကြည်သိန်းရဲ့ ပြောဆိုချက်တွေဟာ လက်တွေနဲ့ ကိုက်ညီမှုမရှိဘဲ ရွာအဝင်လမ်းတလျှောက်မှာ စစ်ကောင်စီတပ်ရဲ့ ကင်းပုန်းတွေ ရှိနေသလို တချို့ရွာတွေမှာ ဒီကနေ့အထိ စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲနေထိုင်နေတာကြေင့် နေရပ်ပြန်လာဖို့ မဖြစ်နိုင်သေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

“ဖြစ်နိုင်တော့ ရွာမှာ ပြန်နေချင်တာပေါ့၊ အခုက ပြန်ဖို့လဲ အိမ်မရှိတော့ဘူးလေ၊ ပြန်လဲ မပြန်ရဲဘူး၊ အခုတော့ အဆင်ပြေသလို ဂူထဲပဲ နေနေရတာပေါ့၊ ရွာပြန်ခိုင်းနေတာတော့ ကြားပါတယ်၊ စစ်သားတွေကို ကြောက်တယ်၊ မပြန်ချင်သေးဘူး” လို့ နောက်ထပ် ဓမ္မသရွာခံတဦးက ပြောပါတယ်။

စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေရဲ့ အတင်းအကြပ်တိုက်တွန်းပြောဆိုချက်တွေကြောင့် ဒီကနေ့ မနက်ပိုင်းမှာတော့ တိမ်းရှောင်နေကြတဲ့ဒေသခံတချို့ နေရပ်ပြန်ဝင်လာကြတာ ရှိတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီအစိုးရအဖွဲ့ဘက်က နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့လူထုတွေအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဒေသခံပြည်သူတွေနဲ့အတူ အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ဖို့ကို စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

မွန်နဲ့ ကရင်အစပ်ကကော့ကရိတ်မြို့နယ် ကော့ဘိန်းနယ်မြေရဲစခန်းကို မတ်လ ၂၅ ရက်မှာ မွန်၊ ကရင်ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းယူပြီးနောက် ဂျိုင်းမြစ်ကမ်းနားမှာ တည်ရှိတဲ့ မွန်တိုင်းရင်းသားအများဆုံး နေထိုင်တဲ့ ဓမ္မသကျေးရွာကို စစ်ကောင်စီက အကြောင်းပြချက်မရှိဘဲ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် မတ်လ ၂၇ နဲ့ ၂၈ ရက်အတွင်းမှာ အိမ်ခြေထောင်ချီရှိတဲ့ ဓမ္မသကျေးရွာရွာလုံးကျွတ်မီးလောင်ပျက်စီးခဲ့ရပြီး ဒေသခံပြည်သူထောင်ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဓမ္မသကျေးရွာ၊ ကော့ဘိန်းကျေးရွာနဲ့ တရနာကျေးရွာတွေဟာဆိုရင် ဂျိုင်းမြစ်ကမ်းနား ရမ္မာဝတီလမ်းတလျှောက်မှာ တဆက်တည်းရှိနေတဲ့ ကျေးရွာ ဖြစ်ကြပါတယ်။

အခုစစ်ကောင်စီက နေရပ်ပြန်လာနေထိုင်ကြဖို့ ဖိတ်ခေါ်နေတာက ဓမ္မသကျေးရွာတခုတည်းမဟုတ်ဘဲ အဲဒီရမ္မာဝတီလမ်းတလျှောက်မှာ တည်ရှိနေတဲ့ ကျေးရွာအားလုံးက တိမ်းရှောင်နေရတဲ့ပြည်သူတွေလည်း ပါဝင်ပါတယ်။

စစ်ဘေးရှောင်အကူအညီပေးနေသူတဦးကတော့ စစ်ကောင်စီက ပြည်သူတွေကို ပြန်လာနေဖို့ဖိတ်ခေါ်တာကတော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ကျေးရွာထဲဝင်လာတိုက်ခိုက်တာတွေ လုပ်ဆောင်မှာကို စိုးရိမ်တာဖြစ်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။

” ပြန်လည်ထူထောင်ရေးပြောတယ်၊ လာတုန်းကတော့ ငါးသေတ္တတာနဲ့ ဆန်အိတ်လေးတချို့၊ ဒီကလူထုက သောင်းချီပြေးနေရတာ၊ အိမ်ဆိုမရှိတော့ဘူး၊ ဘာနဲ့ နေရမလဲ၊ မဖြစ်နိုင်တာတွေ၊ အမှန်တော့ ရွာထဲမှာ သူတို့(စစ်သား)ရှိနေတာ အဲဒါတော်လှန်ရေးတပ်ဖွဲ့တွေ ဝင်တိုက်မှာစိုးလို့ ပြည်သူတွေကို ခေါ်ပြီး အကာအကွယ်ယူတာပဲ” လို့ သူက ပြောပါတယ်။

လက်ရှိမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ရရှိထားတဲ့ ကော့ဘိန်းနယ်မြေရဲစခန်းအပါအဝင် မွန်နဲ့ကရင်အစပ်ကြားက ကျေးရွာအားလုံးကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ထားပြီးလည်း ဖြစ်ပါတယ်။

တော်လှန်ရေးပူးပေါင်းအဖွဲ့တွေကတော့ လူထုနဲ့ အိုးအိမ်ထိခိုက်ဆုံးရှုံးမှုရှိလာမှာကို စိုးရိမ်တာကြောင့် ပြန်လည်ဆုတ်ခွာထားတာ ဖြစ်တယ်လို့ DNA ကို ပြောဆိုထားပါတယ်။