ကော့ဘိန်းကျေးရွာမှာ စစ်တပ်ပစ်သတ်ထားတဲ့ရုပ်အလောင်းသုံးလောင်းတွေ့ရှိ


Photo – Social Media

ဧပြီ၊ ၂၈

မွန်နဲ့ ကရင်ပြည်နယ်နယ်စပ်က ကော့ဘိန်းကျေးရွာထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးဝင်ရောက်လာချိန်မှာ ပစ်သတ်ခံထားရတဲ့ ဒေသခံအမျိုးသားသုံးဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကြိုးနဲ့တုပ်ပြီးပစ်သတ်ခံရတာတယောက်အရင်တွေ့တာ၊ နောက်နှစ်ယောက်က သေနတ်နဲ့ပစ်သတ်ထားတာပဲ၊ ရက်စက်လွန်းလှပါတယ်၊ တယောက်ကဆို အလောင်း သယ်လို့တောင်မရဘူး၊ အရည်ပျော်ကျနေပြီး အဲဒီနားမှာပဲ သင်္ဂြုလ်လိုက်ရတယ်” လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျိုက်မရောမြို့နယ် ကော့ပလိုင်းကျေးရွာခံတဦးက DNA ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေပစ်သတ်ထားတဲ့သူတွေဟာ ကျိုက်မရောမြို့နယ် ကော့ပလိုင်းကျေးရွာ အသက် ၂၃ နှစ်အရွယ် မင်းအောင်ချမ်း(ခေါ်)မာံဆာန်ဍုန်၊ ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာမှ အသက် ၃၆ နှစ်အရွယ် မင်းစိုက်ဂျီ(ခေါ်)နိုင်သိုက်ဇိနဲ့ အသက် ၃၀ နှစ်ကျော်အရွယ် အမည်မသိအမျိုးသားတဦးတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

မင်းအောင်ချမ်းကိုတော့ မနေ့ ဧပြီလ ၂၇ ရက်နေ့မှာ ကော့ပလိုင်းကျေးရွာအဝင် သိမ်ကုန်ပိုင်း(ကံသီ)၊ ချောင်းနံဘေးမှာ နောက်ပြန်ကြိုးတုပ်ကာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

မင်းစိုက်ဂျီဆိုသူနဲ့ အမည်မသိအမျိုးသားတဦးကို ကော့ဘိန်းကျေးရွာဈေးနားနဲ့ သင်္ချိုင်းနားမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာကို ဒီကနေ့ ဧပြီလ ၂၈ ရက်နေ့မှာ တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မင်းအောင်ချမ်းမွန်ဟာ လူပျိုလူလွတ်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးဝင်ရောက်လာချိန်မှာ လက်ကိုင်ဖုန်းမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲထားတဲ့ ဓါတ်ပုံတွေနဲ့ လက်နက်ကြီးအပိုင်းအစပုံတွေကို ရှာဖွေတွေ့ရှိလို့ဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် မင်းစိုက်ဂျီဆိုသူက အိမ်ထောင်သည် ဆယ်ကျော်သက်အရွယ်ကလေးနှစ်ဦးရှိကာ ထိုင်းနိုင်ငံကနေ ပြန်ရောက်လာတာ ရက်ပိုင်းလောက်သာရှိပြီး စစ်ကြောင်းထိုးလာချိန် ရွာကနေ ထွက်ပြေးချိန်မှာ စစ်တပ်က ပစ်သတ်လိုက်တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်သားဝင်လာတော့ မိန်းမနဲ့ကလေးကို ဘေးလွတ်ရာကို ပို့ပြီး ရွာထဲပစ္စည်းပြန်အယူမှာ ပစ်သတ်ခံလိုက်ရတာ၊ သူစီးလာတဲ့ ဆိုင်ကယ်ကိုလည်း စစ်သားတွေ ယူသွားတယ်၊ သူ့မိန်းမတော့ အရူးတပိုင်းလို ဖြစ်နေတာပေါ့” လို့ မင်းစိုက်ဂျီနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတဦးက ပြောပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ရရှိထားတဲ့ ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာနယ်မြေရဲစခန်းကို ပြန်လည်ရရှိဖို့ ဧပြီလ ၂၅ ရက်နေ့မှာ စစ်ကြောင်းထိုးဝင်ရောက်လာချိန်မှာ ကော့ဘိန်းကျေးရွာနဲ့ ကော့ပလိုင်းကျေးရွာမှ ဒေသခံတချို့ကို ပစ်ခတ်တာ၊ ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။


စစ်ကောင်စီတပ်ဖွဲ့တွေ ဖမ်းဆီးထားတဲ့သူတွေထဲက အများစုကို ပြန်လွှတ်ပေးခဲ့ပေမယ့် တချို့ကတော့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေဆဲဖြစ်ပြီး အဲဒီထဲက သုံးဦးရဲ့ရုပ်အလောင်းကို အခုလို ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးဝင်လာတဲ့နေ့မှာလည်း ဆိုင်ကယ်စီးနင်းလာတဲ့ သားအမိနှစ်ဦးကို ပစ်ခတ်ခဲ့လို့ အသက်နှစ်ဆယ်ကျော်အရွယ်အမျိုးသမီးသေဆုံးကာ မိခင်ဖြစ်သူက ကျည်ထိဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

လက်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေ ပြန်လည်ထိန်းချုပ်ထားတဲ့ ကော့ဘိန်းကျေးရွာမှာဆိုရင် စစ်တပ်က ပြန်လည်ဆုတ်ခွာသွားတာမျိုးမရှိသေးဘဲ အကာအကွယ်ကောင်းတဲ့နေရာနဲ့ အထပ်မြင့်အဆောက်အဦတွေမှာ တပ်စွဲထားဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်းကြီးချုပ်ဦးအောင်ကြည်သိန်းကတော့ လက်ရှိ ထိတွေ့တိုက်ပွဲဖြစ်ပွားတာမျိုးမရှိတော့တဲ့အတွက် ဒေသခံတွေအနေနဲ့ နေရပ်ကို ပြန်လာကြဖို့ မနေ့က ဓမ္မသကျေးရွာကို သွားရောက်တဲ့ခရီးစဉ်မှာ ပြောဆိုခဲ့ပါတယ်။

ဒေသခံတွေကတော့ စစ်ကောင်စီရဲ့နေရပ်ပြန်လာဖို့ ပြောဆိုချက်က လက်တွေ့မှာ မဖြစ်နိုင်သေးတာကြောင့် ဘေးလွတ်ရာတောတောင်တွေမှာပဲ ဆက်လက်တိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ DNA ကို ပြောဆိုထားပါတယ်။