ဇက်ဆိပ်မှာ ဆက်ကြေးကောက်ဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို PDF တိုက်ခိုက်

အောက်တိုဘာ ၊ ၂၆

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဒီကနေ့မနက် ၆ နာရီခွဲလောက်မှာ ချင်းတွင်းမြစ်ဆိပ်ကမ်းကို ဆက်ကြေးကောက်ဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးအင်အားစု တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း-၂၈ (ဓားမဆိုင်းတပ်မတော်)တာဝန်ရှိသူက ဆိုပါတယ်။

“ ဇက်ဆိပ်(လှေဆိပ်) ကို ပိုက်ဆံကောက်နေတဲ့ေ-ွးများကို ဒီကနေ့ပိုင်းက ဖြတ်တောက်တိုက်ခိုက်လို့ ေ-ွးလေးကောင်သေဆုံးပြီး တကောင်ဒဏ်ရာရခဲ့သလို လက်နက် တလက်ရရှိပါတယ် ” လို့ အဲဒီအဖွဲ့ တာဝန်ခံ ဗိုလ်စွမ်းသူမောင်က သူရဲ့ လူမူကွန်ယက်မှ တဆင့် ရုပ်သံနဲ့တကွ ပြောဆိုထားပါတယ်။

အခုပစ်ခတ်တိုက်ခိိုက်မှု ဖြစ်ပွားတဲ့နေရာက စစ်ကောင်စီတပ်၊ ရဲနဲ့ပျူစောထီးတွေ အထိုင်ချထားတဲ့ ညောင်ပင်ကြီးရဲစခန်းရဲ့ အရှေ့တောင်ဖက်မှာ ဖြစ်ပွားခဲ့ပြီး စခန်းနဲ့ လေးဖာလုံခန့်အကွာ နေရာမှာ ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေကပြောကြပါတယ်။

တိုက်ခိုက်မှုအပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ သိမ်းဆည်းရရှိခဲ့တဲ့ သေနတ်ကတော့ စစ်ကောင်စီတပ်သားတွေသာမက ရဲတွေပါနောက်ပိုင်းကိုင်ဆောင်နေတဲ့  G-3 အမျိုးအစားဖြစ်တာကိုတွေ့ရပါတယ်။

ညောင်ပင်ကြီးရဲစခန်းကနေချင်းတွင်းမြစ်ဆိပ်ကမ်းကို ငွေကြေးတောင်းခံရန်အတွက် အရပ်ဝတ်နဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်သလို အပြန်အလှန် ပစ်ခတ်မှု ငါးမိနစ်လောက်သာကြာခဲ့တယ်လို့ ဆိုပါတယ်။

“ ထန်းတောရွာ ဇက်ဆိပ်လမ်းရှိတယ် ။ကွန်ကရစ်လမ်းပေါ့ ။အဲလမ်းအနောက်ထိပ်မှာ အမြဲတမ်း ကင်းချတဲ့ စခန်းရှိတယ်။ စစ်တပ်က အဲကင်းမဝင်ခင် ခရီးသည်တွေကို ဆက်ကြေးကောက်တာလုပ်နေတာ။ မထင်ရင် ပစ်ခတ်တာရှိတယ် ။အဲဂိတ်ကနေ မြစ်ဆိပ်အသွားမှာ ဖြစ်ကြတာပါ ” လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ထန်းတောရွာခံတဦးက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအပြီး စစ်ကောင်စီဖက်က ထူးထူးခြားခြား တုံပြန်လာတာမျိုးမတွေ့ရသေးပေမယ့် သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့  အလောင်းတွေကို ပြန်လည် ကောက်ယူသွားတယ်လို့ သူကဆက်ပြောပါတယ်။

အခုပစ်ခတ်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ညောင်ပင်ကြီးရဲစခန်းမှာ အထိုင်ချထားတဲ့ သူတွေဖြစ်ပြီး အဲဒီရဲစခန်းမှာ စစ်တပ်၊ ရဲနဲ့ ပျူစောထီးတွေ ပူးပေါင်းနေတဲ့အတွက် အခုသေဆုံးသွားသူတွေက ဘယ်သူတွေဖြစ်တယ်ဆိုတာ အသေချာမပြောနိုင်ဘူးလို့ ဆိုပါတယ်။

“ ညောင်ပင်ကြီး ရဲစခန်းက လူသစ်ပြောင်းတော့ ဇက်ဆိပ်လာတဲ့ ဆိုင်ကယ်သမားတွေ ခရီးသည်တွေကို ဆက်ကြေးကောက်တယ်။ စစ်လားမေးလာလုပ်တယ်။ ငွေတောင်းတယ်ပေါ့ဗျ။ ကျနော်တို့ရွာကိုသူတို့က အပိုင်စီးပြီး အဲလိုတွေလုပ်နေတာပေါ့ ။အခုထိလည်း ကျနော်တို့ ရွာပြန်လို့မရသေးဘူး ” ထန်းတောရွာသား ကပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လပိုင်းတုန်းက ညောင်ပင်ကြီးရဲစခန်းကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါသေးတယ်။

 အဲဒီနောက် စစ်ကောင်စီလုံခြုံရေးတွေက စခန်း ပတ်လည်ရှိ ကျေးရွာတွေကို စစ်ကြောင်း ထိုးမီးရှို့နယ်မြေရှင်းလင်းရေး လုပ်ဆောင်ပြီး နောက် စစ်တပ်၊ ရဲ၊ ပျူစောထီးတွေပူးပေါင်းပြီး စခန်းပြန်ထိုင်တာလို့ ဒေသခံတွေက ပြောပါတယ်။