သင်္ကြန်နောက်ပိုင်း ရန်ကုန်မှာ လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာ


Photo-DNA

ဧပြီ၊ ၂၈ 

ရန်ကုန်မြို့မှာ သင်္ကြန်ကာလ နောက်ပိုင်း လျှပ်စစ်မီး ပြတ်တောက်မှု အခြေအနေ ပိုမိုဆိုးရွားနေတယ်လို့ မြို့ခံတွေက DNA ကို ပြောပါတယ်။ 

“ဘယ်ချိန်လာပြီး ဘယ်ချိန်ဖြတ်ချမယ်မှန်းကို မသိတော့တာ၊ လာတဲ့အချိန် လုပ်စရာရှိတာ ထလုပ်ပြန်ရင်လည်း ငါးမိနစ်လောက် လာပြီး ပြန်ဖြတ်ချသွားတာမျိုးက ခဏခဏပဲ” လို့ သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူတဦးက ဆိုပါတယ်။ 

လေးနာရီခြား အလှည့်ကျ လျှပ်စစ်မီးပေးတဲ့ စနစ်နဲ့ သွားနေတဲ့ ရန်ကုန်မှာ လက်ရှိမှာတော့ အလှည့်ကျ မီးလာရမယ့် အချိန်တွေမှာတောင် မီးမရဘူးလို့ ဆိုကြပါတယ်။ 

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကတော့ ဓာတ်အားပေးစက်ရုံတွေကို ဓာတ်ငွေ့ပို့လွှတ်နေတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပြုပြင်မှာဖြစ်လို့ ရန်ကုန်မြို့မှာ သင်္ကြန်ကာလ လျှပ်စစ်မီး ပိုမိုပြတ်တောက်မယ်လို့ အသိပေးထားပေမယ့် သင်္ကြန်ကာလပြီးလို့ ဆယ်ရက်ကျော်တဲ့အထိ အခုလိုပြတ်တောက်နေတာပါ။ 

“အလှည့်ကျကိုမှ လာရမယ့်ချိန်လည်းပျက်တာပဲ၊ တနေ့ကဆို ည ၉ နာရီ လာရမှာကို ပျက်ချသွားတာ၊ နောက်နေ့ နေ့လယ် ၁၂ နာရီမှ ပြန်လာတယ်၊ ထမင်းအိုးတအိုးတောင် တည်မရဘူး တချို့ရက်တွေ” လို့ တာမွေမြို့နယ်ထဲက အင်္ဂလိပ်စာ ဆရာမတဦးက ပြောပါတယ်။

“အွန်လိုင်းကနေစာသင်ရတာ၊ အဲတော့ လက်ပ်တော့က သုံးနာရီထိပဲ ခံတယ် ။ အဲနောက်ပိုင်း မီးမလာသေးသရွေ့ စာသင်လို့မရဘူး၊ အလုပ်ပျက်၊ ၀ငျငှထေိ” လို့လည်း အဲဒီဆရာမက ဆက်ပြောပါတယ်။ 

သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ရုံးတွေကတော့ အလှည့်ကျ လျှပ်စစ်မီးလာရမယ့်အချိန်မှာ မီးပြတ်တောက်တာနဲ့ ပတ်သက်ပြီး ဝန်အားထိန်းညှိဆောင်ရွက်နေတာကြောင့် လျှပ်စစ်မီး ယာယီဖြတ်တောက်ထားတာဖြစ်ကြောင်း ထုတ်ပြန်အသိပေးလေ့ရှိပါတယ်။ 

သင်္ကြန်မတိုင်ခင်က ရန်ကုန်မြို့မှာ လျှပ်စစ်မီးလာတဲ့ချိန် တရက်ကို ပျမ်းမျှအားဖြင့် ၁၂ နာရီဝန်းကျင် ရှိပေမယ့် လက်ရှိမှာတော့ ၈ နာရီဝန်းကျင်သာ ရှိနေပါတယ်။ 

အခုရက်ပိုင်းအတွင်း အပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ် အထက်မှာရှိနေတဲ့ ရန်ကုန်မြို့မှာ အခုလို လျှပ်စစ်မီး ပြတ်တောက်မှုပိုများနေတာကြောင့် အပူဒဏ်ခံရတာလည်း ပိုဆိုးနေတယ်လို့ ဆိုကြပါတယ်။ 

“မီးမလာလို့ ပန်ကာတို့၊ ရေခဲသေတ္တာတို့ မသုံးနိုင်တာ အသာထားအုံးလေ၊ အခုက ရေတောင်ကောင်းကောင်းမသုံးရတာ၊ မီးလာတာနဲ့ ရေတင်ဖို့ကလည်း အိမ်မှလူအမြဲရှိနေမှလေ” လို့လည်း အထက်ပါ သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူက ပြောပါတယ်။ 

သာမန်ပြည်သူတွေနေထိုင်ရာ မြို့နယ်တချို့မှာ အခုလို လျှပ်စစ်မီးပြတ်တောက်မှု အခြေအနေ ဆိုးဝါးနေပေမယ့် စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေ၊ တက္ကသိုလ်ပရဝုဏ်လို နေရာမျိုးတွေမှာ အများအားဖြင့် ၂၄ နာရီစလုံး လျှပ်စစ်မီး ပြတ်တောက်တာမရှိဘူးလို့ သိရပါတယ်။ 

“ကျတော်တို့ကလာချိန်မှာမလာ၊ ပြတ်ချိန်လည်းပြတ်၊ ကျတော်တို့ ရပ်ကွက် ဟိုဖက်ထိပ်မှာ စစ်သားတွေ တပ်စွဲထားတဲ့ ဝင်းရှိတယ်၊ သူတို့အပိုင်းကျ အမြဲလာတယ်၊ ဘုရင့်နောင်စစ်ကြောရေးနဲ့တပိုင်းတည်း” လို့လည်း လှိုင်မြို့နယ်၊ (၁၃) ရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။ 

ရန်ကုန်မြို့မှာ အရင်အစိုးရလက်ထက်တွေတုန်းကလည်း လျှပ်စစ်မီးပုံမှန်မရတဲ့ ပြဿနာတွေရှိပေမယ့် ၂၀၂၁ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ပိုင်းကာလတွေမှာတော့ အဆိုး​ရွားဆုံးအခြေအနေရောက်နေတာဖြစ်ပါတယ်။