ဝိုင်းမော်မှာ စစ်အုပ်စုတပ်က လက်နက်ကြီးတွေနဲ့ သုံးရက်ဆက်တိုက်ပစ်ခတ်

၅၊ ဩဂုတ်လ၊ ၂၀၂၁။

၀ိုင်းမော်မြို့နယ်မှာ အခြေစိုက်ထားတဲ့ စစ်အုပ်စုရဲ့ ခလရ(၅၈) တပ်ရင်းက သုံးညဆက်တိုက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူလူထုတွေရဲ့နေအိမ်အဆောက်အဦးတွေ၊ ကားအချို့နဲ့ အိမ်မွေးတိရိစ္ဆာန်တွေ သေဆုံးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

အဲဒီ ခလရ(၅၈)တပ်ရင်းကို ကချင်လက်နက်ကိုင်အဖွဲ့(KIA)က ဇူလိုင် ၂၉ရက်မှာ လာရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ စစ်အုပ်စုတပ်ရင်းက ဩဂုတ် ၂ရက်ညပိုင်းက စပြီး သုံးညဆက်တိုက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“နှစ်ဖက်ပစ်တဲ့ဟာမျိုးမဟုတ်ဘူး တစ်ဖက်တည်းပစ်တာ။ သူ(ခလရ ၅၈တပ်ရင်း)ကလည်း ကြောက်အားလန့်အားနဲ့ တောက်လျှောက်ပစ်နေတာဖြစ်မှာပေါ့။ လူထုသေရင်လည်းသေ၊ ကြောက်သွားအောင် လုပ်တာမျိုးလည်း အဲဒီသဘောမျိုးလည်းဖြစ်မယ် အကြောက်တရားရအောင် အဲဒီလိုလုပ်တာဖြစ်မယ်” ဟု ကချင်ဒေသခံ တစ်ဦးက အခုလို မှတ်ချက်ပြုပါတယ်။

KIA သတင်းနဲ့ ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဇူလိုင် ၂၉ရက်မှာ ခလရ(၅၈) တပ်ကို တိုက်ခိုက်ခဲ့တာရှိပေမယ့် အဲဒီနောက်ပိုင်းမှာ တိုက်ခိုက်မှုလုံး၀မရှိဘူးလို့ ပြောပါတယ်။

ဒီလို ပစ်ခတ်မှုတွေလုပ်နေတာဟာ စစ်ကောင်စီက တပ်လှန့်တာဖြစ်နိုင်သလို စစ်ဆင်ရေး လုပ်ချင်တာကြောင့် KIAကို အမည်တပ်ပြီး တစ်ဖက်သတ်တိုက်ပွဲဖော်တာမျိုးလည်း စဉ်းစားစရာရှိတယ်လို့ သူက ပြောပါတယ်။

ခလရ(၅၈)တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ၀ိုင်းမော်မြို့နယ်ထဲက ကျေးရွာအချို့ရဲ့ နေအိမ်တွေ ပျက်စီးတာ၊ ဝက်ခြံပေါ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ဝက်အများအပြား သေဆုံးခဲ့တာတွေဖြစ်ခဲ့ပါတယ်။ စစ်အုပ်စုပစ်တဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည် အချို့ဟာလည်း လူနေထိုင်ရာအနီးက လမ်းမပေါ် ကျနေတာကိုလည်းတွေ့ရပါတယ်။

ဒီလို ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဒေသခံတွေဟာ ဗုံးခိုကျင်းထဲမှာ ခိုလှုံနေခဲ့ကြရသလို ကြောက်ရွံ့ထိတ်လန့်နေကြရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်အုပ်စုအနေနဲ့ KIA အဖွဲ့နဲ့ တိုက်ပွဲတွေ ဖြစ်ပွားတိုင်း ပြည်သူလူထုရှိရာ ကျေးရွာတွေဆီကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေရှိခဲ့တယ်လို့ လည်း KIA သတင်းနဲ့ပြန်ကြားရေးဌာန Kachinnet Burmese က ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းဖော်ပြခဲ့ တာတွေ့ရပါတယ်။