အမေရိကန်ဒုဝန်ကြီးနဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေး

၅၊ ဩဂုတ်လ၊ ၂၀၂၁။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman တို့ မြန်မာ့အရေး ဆွေးနွေးခဲ့တယ်လို့
NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေ၊ အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ခန့်အပ်ထားရှိမှုကိစ္စတွေ ၊ ကိုဗစ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေနဲ့ နိုင်ငံတကာက ကူညီပေးနိုင်မည့်နည်းလမ်းတွေကို မနေ့က ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာ့ဒီမိုကရေစီရေးအတွက် အမေရိကန်က ဆက်လက်အားပေးနေတာတွေ အပါအဝင် မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်လာဖို့ ကြိုးပမ်းမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ ဗုဒ္ဓဟူးနေ့က အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာလည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းရေး အာဆီယံက အထူးကိုယ်စားလှယ် ခန့်အပ်လိုက်တဲ့နေ့မှာပဲ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်ဇင်မာအောင်တို့ တွေ့ဆုံခဲ့ကြတာလည်း ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကတော့ အာဆီယံ အသင်းဝင်နိုင်ငံတွေနဲ့ ဗုဒ္ဓဟူးနေ့က အွန်လိုင်း တွေ့ဆုံဆွေးနွေးရာမှာ အကြမ်းဖက် လုပ်ရပ်တွေကို ချက်ခြင်းရပ်ဖို့၊ ဒီမိုကရေစီအုပ်ချုပ်မှု ပြန်လည်ကျင့်သုံးဖို့နဲ့ မတရားဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ မြန်မာစစ်အာဏာပိုင်တွေကို တိုက်တွန်းခဲ့ပါတယ်။