ကိုဗစ်ကာကွယ်ဆေးတွေကို ကျေးရွာတွေမှာ ထိုးနှံသူနည်းပါး

၅၊ ဩဂုတ်လ၊ ၂၀၂၁။

ဧရာဝတီတိုင်းဒေသကြီးက မြို့နယ်တွေမှာ အသက်၆၀နှစ်အထက် သက်ကြီးရွယ်အိုတွေကို စစ်အုပ်စုရဲ့ ဦးဆောင်မှုနဲ့ ကိုဗစ်ကာကွယ်ဆေးတွေ ထိုးနှံပေးနေပေမယ့် ကျေးလက်ဒေသတွေမှာ လာရောက်ထိုးနှံသူ နည်းပါးလွန်းတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုကို အယုံအကြည်မရှိတဲ့ ပြည်သူတွေဟာ ရောဂါကာကွယ်ဆေးတွေကို သံသယရှိနေတာကြောင့် လာရောက်ထိုးနှံသူနည်းပါးတာလည်း ဖြစ်နိုင်တယ်လို့ CDM ကျန်းမာရေးဝန်ထမ်းတွေက မှတ်ချက်ပြုပါတယ်။
“ကာကွယ်ဆေးကတော့ ထိုးထားသင့်တယ်၊ အဓိက ပြည်သူတွေက သူတို့ကို လုံးဝမယုံဘူးလေ မယုံတော့ သွားမထိုးကြဘူး၊ နောက်တစ်ခုက ကျွန်မတို့ လုပ်ဆောင်ပေးတုန်းကလို ပွင့်လင်းမြင်သာတဲ့ ချပြမှုတွေ မရှိဘူး၊ အချို့နေရာတွေမှာဆိုး ဆေးထိုးဖို့ဆိုပြီး လူစုလူဝေးဖြစ်တာတွေကနေလည်း ရောဂါကူးစက်မှုဖြစ်မှာကို ကြောက်ကြတာနေမယ်၊ နောက်တစ်ချက်ကတော့ ကာကွယ်ဆေးမထိုးခင်မှာ ဆောင်ရန် ရှောင်ရန်တွေ ထိုးပြီးချိန်မှာ ဆောင်ရန်ရှောင်ရန်တွေ အဲ့ဒါတွေကိုလည်း မချပြတော့ မထိုးကြတာ မဆန်းပါဘူး၊ ပြည်သူ့ပိုက်ဆံတွေနဲ့ ဝယ်ထားတဲ့ ဆေးမို့ ထိုးတော့ ထိုးသင့်တယ်”လို့ CDMပြုလုပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

မြို့ပေါ်နေရာအချို့မှာသာ ကာကွယ်ဆေးထိုးနှံ့မှုတွေ လုပ်ဆောင်နေပေမယ့် ကျေးလက်ဒေသတွေမှာတော့ လာရောက်ထိုးနှံလိုသူတွေ အလွန်နည်းပါတယ်လို့ ငပုတောမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးကပြောပါတယ်။

“ကျွန်တော့်ရွာတော့ ဆေးရတာက ၉၀ကျော်ရတယ် လာမထိုးကြလို့ လိုက်ပြောတာလဲ မထိုးကြဘူး၊ အဲ့ဒါနဲ့ ၁၈နှစ်ကျော်ပြီး ဘယ်သူမဆို လာထိုးကွာလို့ ပြောတော့လည်း မလာကြဘူး ၆ဦးပဲ လာထိုးသွားကြတယ်၊ ဆေးမရတဲ့ ရွာတွေကတော့ မရသေးဘူး၊ မြို့ပေါ်တွေလောက်ပါပဲ သူတို့က တောဖက်တွေဆို အရင်ထဲက အာရုံမလာတာလေ”လို့ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးကပြောပါတယ်။