လိဒ်ယူနိုက်တက်အသင်းနဲ့ ပွဲစဉ်အတွက် မန်ချက်စတာယူနိုက်တက်အသင်းမှာ ဗာရန်း၊ ကာဗာနီ၊ ဘိုင်လီနဲ့ ဒီရယ်လိုတို့ ပါဝင်နိုင်မှာမဟုတ် 

၁၄၊ ဩဂုတ်လ၊ ၂၀၂၁။

ဒီကနေ့ မြန်မာစံတော်ချိန် စနေည ၆ နာရီအချိန်မှာ ကစားမယ့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လိဒ်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကြမယ့် ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားအချို့ လွဲချော်ဖို့ ရှိနေပါတယ်။

 

အပြောင်းအရွှေ့ဈေးကွက်မှာ ပေါင် ၄၂.၇ သန်းနဲ့ သဘောတူညီနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နောက်ခံလူ ဗာရန်းဟာ လက်ရှိမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်ကိစ္စ ၁၀၀ ရာခိုင်နှုန်း မပြီးပြတ်သေးတာကြောင့် အင်္ဂလန်မြေကို ရောက်ရှိနေပေမယ့်လည်း လိဒ်ယူနိုက်တက်အသင်းနဲ့ ပွဲစဉ်ကို လွဲချော်ရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ယူရိုပါလိဂ် ပြိုင်ပွဲအတွက် အကောင်းဆုံး ကစားသမား ဆန်ခါတင် ၃ ဦးစာရင်းမှာ ပါဝင်ခဲ့တဲ့ တိုက်စစ်မှူး ကာဗာနီကတော့ လက်ရှိမှာ ကွာရန်တင်းဝင်နေရပြီး ဘိုင်လီနဲ့ ဒီရယ်လိုတို့လည်း အိမ်ကွင်းအဖွင့်ပွဲစဉ်ကို လွဲချော်မှာဖြစ်တယ်လို့ နည်းပြဆိုးလ်ရှားက မနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

 

ပေါင် ၇၃ သန်းနဲ့ ဒေါ့တ်မွန်အသင်းကနေ မန်ချက်စတာယူနိုက်တက်ကို ရောက်ရှိလာခဲ့တဲ့ တောင်ပံကစားသမား ဆန်ချိုကတော့ အိမ်ကွင်းအဖွင့်ပွဲစဉ်မှာ ပါဝင်နိုင်မှာဖြစ်ပါတယ်။

လက်ရှိမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားအချို့ဟာ ကွာရန်တီးဝင်ဖို့ ကိစ္စတွေနဲ့ ဒဏ်ရာပြဿနာတွေ ရှိနေလို့ အကောင်းဆုံး ပွဲထွက်စာရင်းကို ပြုလုပ်ဖို့ အခက်တွေ့နေပေမယ့် နည်းပြဆိုးလ်ရှားကတော့ လိဒ်ယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံရမယ့် ပွဲစဉ်အတွက် ယုံကြည်မှု အပြည့်ရှိနေတယ်လို့ ဖွင့်ဟအသိပေးခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လိဒ်ယူနိုက်တက်အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး (၅) ပွဲမှာ (၃) ပွဲနိုင်၊ (၂) ပွဲသရေ ကစားထားပါတယ်။