မြန်မာစစ်တပ်ကိုလက်နက်တင်ပို့မှု တားမြစ်ရေး အာဆီယံ ကန့်ကွက်

၂၈ ၊ မေလ ၊ ၂၀၂၁ ။

ကုလသမဂ္ဂအနေနဲ့ မြန်မာစစ်တပ်ကို လက်နက်တင်ပို့ရောင်းချမှု တားမြစ်ရေးကိစ္စကို မထောက်ခံဖို့ အာဆီယံက တိုက်တွန်းလိုက်တယ်လို့ Benar News သတင်းဌာနက ဖော်ပြပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထွေထွေ ညီလာခံ ဆုံးဖြတ်ချက်မူကြမ်းကို ကမကထပြုလုပ်တဲ့ နိုင်ငံတွေဆီကို ပေးပို့တဲ့စာလွှာမှာ အာဆီယံ ကိုးနိုင်ငံက အခုလိုထည့်သွင်းတောင်းဆိုခဲ့တာလို့ Liechtenstein နိုင်ငံ သံတမန်တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ပြည်လုံးကျွတ် သပိတ်တွေပေါ်ပေါက်လာပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ အင်အားသုံးဖြိုခွင်းတာတွေကြောင့် သွေးချောင်းစီးတဲ့ ဖြစ်ရပ်တွေ မြင့်တက်နေတာပါ။

လက်နက်ခဲယမ်းပစ္စည်းအားလုံးကို မြန်မာစစ်တပ်ဆီ တိုက်ရိုက် ဒါမှမဟုတ် တဆင့်ခံ ထောက်ပံ့ရောင်းချတာတွေ လွဲပြောင်းတာတွေ ချက်ချင်းရပ်ဆိုင်းဖို့ တောင်းဆိုထားတဲ့ စာပိုဒ်ကို ဖြုတ်ပေးဖို့ စာလွှာထဲမှာ တိုက်တွန်းထားပါတယ်။

အဲဒီစာလွှာဟာ အာဆီယံအဖွဲ့ဝင် စုစုပေါင်း ၁၀နိုင်ငံရှိတဲ့အနက် မြန်မာကလွဲပြီး ကျန်၉နိုင်ငံက ကိုယ်စားပြုပို့ခဲ့တာ ဖြစ်ပါတယ်။

စာလွှာနဲ့ ပတ်သတ်လို့ ကုလဘက်က တုံ့ပြန်တာ မရှိသေးပဲ အာဆီယံဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း တစုံတရာမှတ်ချက်မပြုခဲ့ဘူးလို့ Benar News သတင်းဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့လက အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်တဲ့ မြန်မာ့အရေး အာဆီယံညီလာခံမှာ မြန်မာနိုင်ငံဆီကို ကိုယ်စားလှယ်တစ်ဦး စေလွှတ်ရေး ဘုံသဘောတူညီချက် ၅ချက်ထုတ်ပြန်ခဲ့ပေမယ့် တလကျော်ကြာတဲ့အထိ အကောင်အထည်မပေါ်လာသေးပါဘူး။

Ref – Reuters