ဖယ်ခုံမြို့မှာ စစ်အုပ်စုက ပြည်သူတွေကိုလူသားဒိုင်းပြုလုပ်ပြီး စစ်ကြောင်းချီနေ

၁၉ ၊ ဩဂုတ်လ ၊ ၂၀၂၁ ။

အာဏာသိမ်းစစ်အုပ်စုတပ်ဟာ ရှမ်း-ကယားနယ်စပ်က ဒေသခံ ၁၀ဦးကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေတယ်လို့ ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေက ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် လွယ်လုံကျေးရွာဘက်ကို နယ်မြေရှင်းလင်းရေး အကြောင်းပြပြီး ရောက်ရှိလာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်မ ၅၅ ဟာ လွယ်လုံရွာသား ၅ဦးနဲ့ စစ်တော်ရွာသား ၅ဦးကို မနေ့က(ဩဂုတ် ၁၈ရက်)က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ(KNPP)ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာန KNICက ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ပြည်သူ ၁၀ဦးကို ၅ယောက်တစ်တွဲနဲ့ တောင်စလုံဘက်သို့ လူသားဒိုင်းကာ အဖြစ် အသုံးပြုနေတာအပြင် လမ်းပြ၊ ဓားစာခံအဖြစ် သုံးနေတယ်လို့ လွတ်မြောက်လာသူ တစ်ဦးထံမှ သိရပါတယ်။

“သူတို့က လမ်းပြဖို့ဆိုပြီး ရွာသားတွေကို ဖမ်းပြီးတော့ ကြိုးတုတ်ပြီးတော့ ခေါ်သွားတာ အရှေ့ကနေ ဒိုင်းလိုကာပြီး တောင်စလုံဘက်ကို လမ်းပြသွားခိုင်းတယ်၊ ကျွန်တော်ကတော့ ထွက်ပြေးလာတာ”လို့ ထွက်ပြေးလွတ်မြောက်လာသူ လွယ်လုံကျေးရွာသားတစ်ဦးက ပြောပါတယ်။

ဩဂုတ် ၁၄ရက်နဲ့ ၁၅ရက်တွေက အာဏာသိမ်းစစ်အုပ်စုတပ်တွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ KNPPရဲ့ တပ်ဖြစ်တဲ့ ကရင်နီပြည်တပ်မတော်(KA)နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)တို့ အတူပူးပေါင်းပြီး ခုခံတိုက်ခိုက်ခဲ့လို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

အဲဒီဒေသမှာ ရှိတဲ့ စစ်အုပ်စု သီးသန့်သုံးတဲ့ လောပိတ- နေပြည်တော် မဟာဓာတ်အားလိုင်းက တာဝါတိုင် ၂ခုကို ဒေသခံ PDFက မိုင်းခွဲဖျက်ဆီးပြီးတဲ့နောက်မှာ တိုက်ပွဲတွေဖြစ်ခဲ့တာပါ။ တိုက်ပွဲတွေမှာ စစ်အုပ်စုတပ်နဲ့အတူ ပအိုဝ်းပြည်သူ့စစ်(PNO)လည်း ပါဝင်ခဲ့ပြီး စစ်အုပ်စု PNO တပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်မှုများခဲ့တယ်လို့ ဖယ်ခုံ PDFက ထုတ်ပြန်ထားပါတယ်။ PDF အချို့လည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။