ပေါင်မြို့မှာ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးကို စစ်အုပ်စုက ပစ်သတ်

၂ ၊ စက်တင်ဘာလ ၊ ၂၀၂၁ ။

ပေါင်မြို့နယ်ကတိုက်ကျေးရွာအုပ်စု အောင်သစ္စာအောင်မေတ္တာရပ်ကွက်နေ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးဖြစ်သူ မအိသွယ်မိုးကို အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာလ ၁ရက်နေ့ ည ၁၀နာရီ​ကျော်က အကြောင်းမဲ့ ပစ်သတ်ခဲ့ပါတယ်။

ကိုယ်ဝန် ၅လရှိပြီး အသက် (၄)နှစ်အရွယ်ကလေးငယ်တစ်ဦးပါရှိတဲ့ မအိသွယ်မိုး အသက် (၂၇)နှစ်ဟာ ခင်ပွန်းဖြစ်သူ ကိုမင်းနေလွင် ငါးရှာထွက်သွားတာကို အိမ်နီးချင်း မိတ်ဆွေတွေအိမ်မှာ စောင့်​နေချိန် အခုလိဖြစ်ပွားခဲ့တာပါ။

 

ခင်ပွန်းဖြစ်သူ ပြန်လာချိန် ထွက်ကြိုခဲ့စဉ်မှာ အကြမ်းဖက်စစ်အုပ်စုက ရောက်ရှိလာပြီး လင်မယားနှစ်ဦးလုံးကို အကြောင်းမဲ့ ပစ်ခတ်ခဲ့တာကြောင့် မအိသွယ်မိုးဟာ နေရာတွင် ကွယ်လွန်ခဲ့ပြီး ကိုမင်းနေလွင်ကတော့ နားကို ကျည်ထိမှန်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ဆုံးသွားတဲ့အမျိုးသမီးက သူ့အမျိုးသားဟင်းစားသွားရှာလို့ ညဖက်မို့ သူ့အိမ်မှာ မနေရဲလို့ ဘေးအိမ်ကို ခဏသွားနေတာ၊ သူ့အမျိုးသားပြန်လာတော့ သွားကြိုပြီး သူတို့အိမ်ကိုပြန်တာ စစ်တပ်ကတွေ့ပြီးတော့ ပစ်ချလိုက်တာ၊ အိသွယ်မိုးက ကိုယ်ဝန်ကြီးနဲ့ သူ့မှာ ကလေးတစ်ယောက်လည်းရှိတယ်၊ အခု သူ့အမျိုးသားလည်း ဆေးရုံမှာ အသက်အန္တရာယ်စိုးရိမ်ရတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

(ရန်ကုန်မြို့တွင်ဖြစ်ပွါးခဲ့တဲ့ ပုံအဟောင်းကို အသုံးပြုထားပါတယ်။)