လက်နက်ကြီးအန္တရာယ် သတိပြုရမယ့်အချက်တွေကို NUG အစိုးရ ထုတ်ပြန်

၂၊ စက်တင်ဘာလ၊ ၂၀၂၁။

လက်နက်ကြီးပစ်ခတ်ခံရနိုင်တဲ့ ဒေသတွေက ပြည်သူတွေ သတိပြုရမယ့်အချက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ ရေး ဝန်ကြီးဌာနက မနေ့က စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဝန်ကြီးဌာနအနေနဲ့ ပဋိပက္ခတွေအတွင်း ပြည်သူတွေ ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ဖို့ အချက်တွေကို အပိုင်းလိုက်ထုတ်ပြန်လျက်ရှိရာ အပိုင်း(၄)ကို ထပ်မံထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

သတိပြုရမယ်အချက်တွေထဲမှာ လက်နက်ကြီး ပစ်ခတ်နိုင်တဲ့ဒေသတွေမှာ နေထိုင်သူတွေ အနေနဲ့ နေအိမ်မှာ ကတုတ်ကျင်း၊ ဗုံးခိုကျင်းတူးခြင်း ဒါမှမဟုတ် သဲအိတ်တွေနဲ့ ဗုံးခိုလှုံဖို့ နေရာတွေကို ဖန်တီး ထားဖို့ အမိုးပြုလုပ်ဖို့လိုရင် သက်ကယ်၊ မိုးကာစတာတွေနဲ့ အုပ်မိုးဖို့ ဖော်ပြထားပါတယ်။

 

ကတုတ်ကျင်းနဲ့ဗုံးခိုဖို့နေရာ ပြုလုပ်ဖို့မလွယ်ရင် နေအိမ်အတွင်းပိုင်းအကျဆုံးနဲ့ အလုံခြုံဆုံး အခန်း တစ်ခုကို သတ်မှတ်ပြီး ပုန်းအောင်း ခိုလှုံဖို့နဲ့ မှန်ကာထားတဲ့ အခန်း၊ အပြင်ဘက်နဲ့ ထိစပ်နေတဲ့ အခန်းတွေကို အသုံးမပြုဖို့ လည်း သတိပေးထားပါတယ်။

ဖြစ်နိုင်ရင် အဲဒီအခန်းမှာ ဆန်အိတ်တွေ၊ သဲအိတ်တွေ ဒါမှမဟုတ် ဘိလပ်မြေအိတ်တွေ စတာတွေအသုံးပြုပြီး ပုန်းအောင်းစရာနေရာ ဖန်တီးထားဖို့ အကြံပြုထားပါတယ်။

လေယာဉ်သံကြားခဲ့ရင် အပြင်ဘက်ကို လုံး၀ ထွက်မကြည့်ဘဲ ပုန်းအောင်းနေတဲ့နေရာမှာပဲ ဆက်လက်နေထိုင်ဖို့၊ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနိုင်တာကို ကြိုတင်စဉ်းစားပြီး အကာအကွယ်တွေ ရရှိရေး ပြင်ဆင်ဆောင်ရွက်ထားဖို့လိုအပ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အသုံးပြုပြီး မပေါက်ကွဲသေးတဲ့ စစ်လက်နက် ခဲယမ်းပစ္စည်းတွေဖြစ်တဲ့ လက်ပစ်ဗုံး၊ မော်တာကျည်၊ ဒုံးကျည် တို့ကို တွေ့ရင် အလွန်အန္တရာယ်ကြီးမားတာဖြစ်လို့ ကိုင်တွယ်တာ၊ ထိတာ၊ ခြေနဲ့ကန်တာ၊ နေရာရွှေ့ပြောင်းတာ၊ မီးရှို့တာတွေလုံး၀မပြုလုပ်ဖို့ သတိပေးထားပါတယ်။