ဟင်္သာတမြို့က ခိုလှုံရာ ဘိုးဘွားရိပ်သာကို စစ်အုပ်စုက ဝင်ရှာ 

၂၊ စက်တင်ဘာလ၊ ၂၀၂၁။

ဟင်္သာတမြို့ အောင်ချမ်းသာကျောင်းလမ်း၊ လယ်တီရပ်ကွက်မှာရှိတဲ့ ခိုလှုံရာ ခိုကိုးရာမဲ့ ဘိုးဘွားရိပ်သာကို ဒီနေ့ နေ့လည်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်ရှာဖွေခဲ့လို့ အဘိုးအဘွားတွေ ထိတ်လန့်ခဲ့ရတယ်လို့ သိရပါတယ်။

ဘိုးဘွားတွေနေတဲ့အခန်းတွေကို တစ်ခန်းဝင် တစ်ခန်းထွက် ဝင်ရောက်ရှာဖွေပြီးနောက် ရိပ်သာရဲ့ ငွေကြေးရန်ပုံငွေတွေကိုလည်း စစ်ဆေးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခိုလှုံရာကို စတင်တည်ထောင်ခဲ့သူတစ်ဦးဖြစ်တဲ့ မသင်းရွှေစင်လှိုင်ကို စစ်အာဏာသိမ်းမှုကို ကန့်ကွက်ခဲ့သူ တစ်ဦးဖြစ်တာမို့ ပထမအကြိမ် စကစ မှ အင်အား ၁၀၀ ခန့်ဖြင့် ဝင်ရောက် စီးနင်းထဲက တိမ်းရှောင်နေရသူလည်းဖြစ်ပါတယ်။

ယခု မသင်းရွှေစင်လှိုင် ပြန်ရောက်ရှိနေတယ်လို့ သတင်းထွက်လာတဲ့အတွက်အခုလို ဒုတိယအကြိမ် ဝင်ရောက်ရှာဖွေတာဖြစ်နိုင်တယ်လို့ မသင်းရွှေစင်လှိုင်က သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။

“ခိုလှုံရာကို စစ်သားအင်အား၊ ရဲအင်အား အများအပြားနဲ့ ယနေ့နေ့လည် ဒုတိယအကြိမ် ဝင်ရောက်ရှာဖွေ စစ်ဆေးပြန်ပါတယ်၊အခန်းတွေ လိုက်လံရှာဖွေပြီး၊ အဘိုးအဖွားဦးရေနဲ့ ရိပ်သာ ငွေစာရင်းတွေ စစ်သွားတယ် ပြောပါတယ်၊အဓိကက ပုံ့ ပြန်ရောက်တယ် ကြားလို့ ပုံ့ကို လိုချင်လို့ လာရှာတာပါ၊ပြီးတော့ ပုံ့ တည်ထောင်ထားတဲ့ရိပ်သာကို ဘယ်ကငွေနဲ့ လည်ပတ်လဲ သိချင်တာပါ၊ပြည်သူကဘဲ ပြည်သူကို ပြန်ကျွေးကြတယ်ဆိုတာလေးတော့ သိစေချင်ပါတယ်၊ရဲတွေလာတော့ အဖွားတွေမှာ ကြောက်ကြလို့ ငိုကြတယ်တဲ့၊

သူတို့ပြန်သွားတော့ မျက်စိမမြင်တဲ့အဖွားက ဝန်ထမ်းတွေကို ငိုပြီးပြောတယ်တဲ့၊” ရဲတွေလာတာ ငါ့ကြောက်လိုက်ထာဟယ်…မြင်လဲ မမြင်ရဘူးတဲ့…တခုခုဆို ငါတို့ ပစ်မသွားပါနဲ့ဟယ်…” တဲ့. ဘယ်လောက်ရင်နာဖို့ကောင်းလိုက်လဲ”လို့ မသင်းရွှေစင်လှိုင်က ရေးသားထားပါတယ်။

စစ်အုပ်စုမှ ယခုလို ဝင်ရောက်လာမှုဟာ လက်နက်တွေ ဖွက်ထားတယ်လို့ သတင်းရတယ်ဆိုပြီး ဝင်ရှာတာလို့ မသင်းရွှေစင်လှိုင်က ဆက်လက်ရေးသားထားပါတယ်။

ခိုလှုံရာ ခိုကိုးရာမဲ့ ဘိုးဘွာရိပ်သာကို ၂၀၁၆ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး မြန်မာပြည်အနှံ့က ခိုကိုးရာမဲ့ အဘိုးအဘွားတွေကို ပြုစုစောင့်ရှောက်နေတဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ အဘိုးအဘွားနဲ့ ကလေးငယ် ၁၀၀ ဦးရေခန့်ကို စောင့်ရှောက်ပြုစုထားပြီး စေတနာရှင်အလှူရှင်တွေရဲ့ လှူဒါန်းမှူနဲ့ ရပ်တည်နေတဲ့ ရိပ်သာတစ်ခုပဲဖြစ်ပါတယ်။