ပုလဲမြို့ ခင်သာကျေးရွာမှာ စစ်အုပ်စုက စိတ်ဝေဒနာရှင်အမျိုးသမီးတစ်ဦးကို အဓမ္မကျင့်ပြီး ရွာသားတစ်ဦး သတ်ဖြတ်

၂၊ စက်တင်ဘာလ၊ ၂၀၂၁။

ပုလဲမြို့နယ် ပုံတောင်တကြောမှာ တည်ရှိတဲ့ ခင်သာရွာမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဂန့်ဂေါအခြေစိုက် ခလရ ၅၀တပ်က စက်တင်ဘာလ ၁ရက်နေ့မှာ ကျေးရွာက အသက် ၆၀အရွယ် စိတ်ဝေဒနာရှင် အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့ပြီး ကျေးရွာတစ်ဦးဖြစ်သူကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အဓမ္မပြုကျင့်ခံရသူဟာ ခင်သာကျေးရွာနေ စိတ်ဝေဒနာရှင် ဒေါ်မြင်ဆင့်ဆိုသူဖြစ်ပြီး အဓမ္မပြုကျင့်ခံရပြီးနောက် အသက်ဆုံးပါးသွားခဲ့ရပါတယ်။ ဒါ့အပြင် ကျေးရွာသားတစ်ဦးဖြစ်သူ ကိုသန်းဌေးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတ်ပစ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“သူတို့ မုဒိမ်းကျင့်တဲ့ ဒေါ်မြဆင့်ကလည်း ဆုံးသွားတယ်။ သူက စိတ်ဝေဒနာရှင်ဗျ။ ပြီးတော့ ရွာက ရွာသား ၁ ဦးကိုလည်း ဖမ်းသွားတယ်။ အဲ့ဒါက အသက် ၃၅ နှစ်အရွယ် ကိုသန်းဌေး။ ဒါပေမဲ့ ဒီနေ့ အဲ့ဒီရွာသားအလောင်းကို ယမားချောင်းထဲမှာ ပြန်တွေ့တယ်။ ပြီးတော့ နောက်တစ်လောင်းလည်းတွေ့တယ်။ သူကတော့ ရွာသားမဟုတ်ဘူး။ ဩဂုတ် ၃၁ ရက်နေ့က တိုက်ပွဲမှာ စကစတွေဘက်က ဒဏ်ရာရပြီး သေဆုံးသွားတဲ့ဟာလား မသိဘူး။ အဲ့ဒါကို ရေမျှောသဂြိုလ်သွားတဲ့အလောင်း။ ဒီဘက်မှာ စကစတွေက ယူနီဖောင်းမဝတ်ဘူး အရပ်ဝတ်နဲ့ ဘောက်က စစ်ဖိနပ်နဲ့ပဲ နေတာများတယ်။ အလောင်းကလည်း အဲ့ဒီပုံစံပဲ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ကျေးရွာက ပြည်သူတွေရဲ့ နေအိမ်တွေကိုလည်း ဖောက်ထွင်းဖျက်ဆီးပြီး အဖိုးတန်ပစ္စည်းတွေကို လုယူကာ ခင်သာကျေးရွာက ကိုခင်မောင်ဆန်းဆိုသူကိုလည်း ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

Credit- News Ambassador