စစ်အုပ်စုက အာဏာသိမ်းပြီးနောက် NCAပျက်ပျယ်သွားပြီလို့ KNU Concerned Group မှတ်ယူ

၂၊ စက်တင်ဘာလ၊ ၂၀၂၁။

ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူပြီးနောက်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပျက်ပြယ်သွားပြီလို့ မှတ်ယူကြောင်း KNU Concerned Groupက စက်တင်ဘာလ ၂ရက်နေ့မှာ သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

NCA စာချုပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ နိုင်ငံရေးပန်းတိုင်ကို မရောက်ရှိစေဘဲ လက်နက်စွန့်ကာ ပါတီထောင် ရွေးကောက်ပွဲဝင်ပြီး ၂၀၀၈ အခြေခံဥပဒေအောက်ကို သွတ်သွင်းတဲ့ စာချုပ်ဖြစ်တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ CRPHကတဆင့် ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံရေးရပ်တည်ချက်ဖြစ်တဲ့ စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်တွေဟာ တိုင်းရင်းသား

လက်နက်ကိုင်တွေရဲ့ တော်လှန်ရေးရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ တိုင်းရင်းသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ပြည်နယ်ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ထပ်တူဖြစ်တာကြောင့် KNU Concerned Group အနေနဲ့ NUGကို ကြိုဆိုထောက်ခံပြီး အုပ်ချုပ်ရေး၊ စစ်ရေးနဲ့ သံတမန်ရေးလှုပ်ရှားမှုတွေကို စွမ်းစွမ်းတမံပံ့ပိုးဆောင်ရွက်သွားမယ်လို့ သဘောထားထုတ်ပြန်ချက်က ဆိုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့က စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းစေရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ဖို့အတွက် တညီတညွတ်ထဲ တိုက်ပွဲဝင်သွားကြဖို့လည်း KNU Concerned Groupရဲ့ သဘောထားထုတ်ပြန်ချက်မှာ ထည့်သွင်း တိုက်တွန်းခဲ့ပါတယ်။

Delta News Agency

Read Previous

ကိုဗစ်မျိုးကွဲသစ် MU (မူ)ကို ဂျပန်မှာ စတင်​တွေ့ရှိ

Read Next

ပေါင်မြို့မှာ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးကို စစ်အုပ်စုက ပစ်သတ်