နိုင်ငံရေးပါတီတွေရဲ့ ပါတီပိုင်ငွေကြေး ပစ္စည်းတွေကို စစ်ဆေးမယ်လို့ စစ်အုပ်စုရဲ့ UEC ကြေညာ

၁၃၊ ဩဂုတ်လ၊ ၂၀၂၁။

နိုင်ငံရေးပါတီတွေရဲ့ ပါတီပိုင် ရန်ပုံငွေတွေ ၊ငွေကြေးတွေနဲ့ ပစ္စည်းစာရင်းတွေကို မကြာခင်စစ်ဆေးသွားမှာမို့ နိုင်ငံရေးပါတီတွေအနေနဲ့ စနစ်တကျအစစ်ဆေးခံဖို့ ကြိုတင်ပြင်ဆင်ကြရန် အကြောင်းကြားစာတစ်စောင်ကို အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဩဂုတ်လ ၁၂ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ပါတီဝင်ကြေးနဲ့ ပါတီလစဉ်ကြေးတွေ၊ လှူဒါန်းမှုရရှိငွေတွေ၊ ပါတီပိုင်စီးပွါးရေးလုပ်ငန်းက ရရှိငွေတွေ၊ ပါတီပိုင်ပစ္စည်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ ပါတီက ကုန်ကျခံသုံးစွဲခဲ့တဲ့ စရိတ်တွေကို နိုင်ငံရေးပါတီတွေအနေနဲ့ သေချာစာရင်းပြုစုထားဖို့ UECက ကြေညာခဲ့တာပါ။

အကြမ်းဖက်စစ်အုပ်စုက အာဏာလုယူပြီးနောက်မှာ NLDပါတီကို နည်းမျိုးစုံနဲ့ ဖျက်သိမ်းနိုင်ဖို့ ကြိုးစားနေချိန်မှာ အခုလို UECရဲ့ ကြေညာချက်ဟာလည်း NLDပါတီကို အခက်တွေ့အောင် လုပ်ဆောင်ခြင်းတမျိုးပဲ ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

“အခုချိန်က NLDက တာဝန်ရှိသူအများစုကို သူတို့ဖမ်းထားတယ်၊ သူတို့တွေကြောင့်ပဲ ထွက်ပြေးတိမ်းရှောင်နေကြရတယ်၊ ဒီအချိန်မှာ ငွေစာရင်းစစ်မယ်လို့ ကြေညာတာက တမင်ယုတ်မာချင်တာဆိုတာ သိသာနေတယ်၊ သူတို့တောင်းတဲ့ စာရင်းကို အချိန်မှီမပေးနိုင်ရင် NLDကို အပြစ်ရှာမယ် မတရားစွပ်စွဲပြီး ပါတီဖျက်သိမ်းနိုင်အောင် ကြိုးစားလိမ့်မယ်၊ ဒီကောင်တွေ အစဉ်အဆက် အဲ့လိုပဲ ယုတ်မာခဲ့တာပဲ”လို့ နိုင်ငံရေးလေ့လာသုံးသပ်တစ်ဦးက ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံ့အာဏာကို လုယူပြီးနောက်ပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပျက်သုန်းရေးအတွက် နည်းမျိုးစုံနဲ့ ကြိုးစားနေပြီး သူ့လက်ဝေခံ နိုင်ငံရေးပါတီတွေနဲ့ အချိုးချ PRစနစ်ကို အသက်သွင်းကာ အယောင်ပြရွေးကောက်ပွဲ ကျင်းပပြီး အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာကို လက်မလွှတ်ရဖို့ စီမံဆောင်ရွက်မှုတွေကို ဆက်တိုက်ဆောင်ရွက်လျှက်ရှိနေပါတယ်။