ဇူလိုင်လအတွင်း ပြိုလဲခဲ့တဲ့ ပုသိမ်

၁ ၊ သြဂုတ်လ ၊ ၂၀၂၁။

ဇူလိုင်လ တစ်လအတွင်း ပုသိမ်မြို့မှာ ကိုဗစ်ရောဂါနဲ့ သေဆုံးခဲ့သူ ၈၁၀ဦးအထိရှိခဲ့ပါတယ်။ ပုသိမ်မြို့ဟာ ဧရာဝတီတိုင်းဒေသကြီး တစ်ခုလုံးမှာ ကိုဗစ်ရောဂါနဲ့ အများဆုံးသေဆုံးတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ ဒီသေဆုံးမှု စာရင်းဟာ သရောင်းချောင်းသုသာန်တစ်ခုထဲမှာ ကိုဗစ်လူနာတွေကို မီးသင်္ဂြိုဟ်ခဲ့ရတဲ့ စာရင်းဖြစ်ပြီးတော့ မြို့နယ်တစ်ခုလုံးကို မခြုံမိနိုင်သလို အစ္စလမ်ဘာသာဝင်တွေရဲ့ နာရေးကိစ္စရပ်တွေလည်း မပါဝင်ခဲ့ပါဘူး။

အကြမ်းဖက်စစ်အုပ်စုရဲ့ ကျန်းမာရေးဌာနဟာလည်း ဆေးရုံပေါ် တက်ရောက်ဆေးကုသမှုပြုလုပ်နေပြီး သေဆုံးခဲ့သူတွေကိုသာ စာရင်းအဖြစ်ဖော်ပြတာမို့ မြေပြင်အခြေအနေမှာ ယခုထက်ပိုပြီးတော့ သေဆုံးမှုတွေ ရှိနေနိုင်ပါတယ်။

ဇူလိုင် ၁ရက်နေ့မှာ တစ်ဦးတည်းသာ ကိုဗစ်ရောဂါနဲ့ သေဆုံးမှုရှိတဲ့ပုသိမ်မြို့ဟာ ရက်ပေါင်း ၃၁ရက်အတွင်း ကိုဗစ်ရောဂါနဲ့ ရာနဲချီသေဆုံးခဲ့မှုဟာ ဆေးရုံတွေမှာ ဆေးဝါးကုသနိုင်ဖို့ နေရာမရှိတော့တာ ရောဂါပိုးရှိမရှိ စစ်ပေးနိုင်ခြင်းမရှိတော့ဘဲ နေအိမ်တွေကို ပြန်လည်စေလွှတ်ရတာနဲ့ ပြည်သူ့အစိုးရလက်ထက်ကလို ကွာရန်တင်းစင်တာတွေ စနစ်တကျ လုပ်ဆောင်နိုင်ခြင်းမရှိတဲ့ ပြသနာရပ်တွေ အောက်ဆီဂျင်လိုအပ်မှု ဆေးဝါးဝယ်ယူမရမှုတွေကြောင့် အခုလို သေဆုံးမှုမြင့်တက်ခဲ့တာပဲဖြစ်ပါတယ်။

သရောင်းချောင်းသုသာန်မှာ မီးသင်္ဂြိုဟ်ရနှုန်း မြင့်တက်လာတာကြောင့် ဇူလိုင်လ ၇ရက်နေ့က စတင်ပြီးတော့ မီးသင်္ဂြိုဟ်စက်နှစ်လုံး တပြိုင်ထဲ စတင်လည်ပတ်ရပါတယ်။ ယခင်က နာရေးအချိန်တူညီမှုတွေ များနေရင်သာ စက်နှစ်လုံး လည်ပတ်ရတာဖြစ်ပေမဲ့ အခုလည်ပတ်ရတာကတော့ အချိန်မှီမီးသင်္ဂြိုဟ်နိုင်ရေးအတွက်ပဲဖြစ်ပါတယ်။

သေဆုံးသူ ဦးရေကို စိစစ်ကြည့်ပါက ပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးကုသမှု ခံယူရင်းနဲ့ သေဆုံးခဲ့သူဟာ ၂၃၁ဦး၊ မဆရ-၄ တောင်ပေါ်ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူရင်းနဲ့ သေဆုံးသူ ၂၇ဦးနဲ့ နေအိမ်တွေမှာ ဆေးဝါးကုသရင်း သေဆုံးခဲ့သူဟာ ၅၅၂ဦးထိ ရှိခဲ့ပါတယ်။

ဇူလိုင်လ ၁၀ရက်နေ့က စတင်ပြီးတော့ နေအိမ်တွေမှာ သေဆုံးမှုဟာ ဆက်တိုက်မြင့်တက်လာခဲ့တာပါ။ အဲ့ဒီအချိန်ကာလဟာ ဆေးရုံမှာ လူနာတွေကို လက်မခံနိုင်တော့လို့ နေအိမ်တွေကို ပြန်လွှတ်ရတဲ့ ကာလလည်းဖြစ်ပါတယ်။

နေ့စဉ် ဆယ်ဦးအောက်မှာသေဆုံးသူ ရှိတဲ့ခဲ့တဲ့ ပုသိမ်မြို့ဟာ ဇူလိုင်လ ၁၁ရက်နေ့ကစတင်ပြီးတော့ သေဆုံးသုံး ၂၀ဦးရေအထက်ကို စတင်ကျော်လွန်လာခဲ့ပါတယ်။ ဇူလိုင်လ ၁၃ရက်နေ့ကနေ စတင်ပြီးတော့ နေ့စဉ်သေဆုံးသူဟာ ၃၀ဝန်းကျင်အထိ ရောက်ရှိလာပြီး စံချိန်တင်လူသေဆုံးခဲ့ရတဲ့ နေ့ကတော့ ဇူလိုင်လ ၁၈ရက်နေ့ဖြစ်ပြီး ၆၅ဦးထိ သေဆုံးခဲ့ပါတယ်။ ဒါဟာ ပုသိမ်မြို့မှာ အောက်ဆီဂျင်ရရှိမှု နည်းပါးသွားတဲ့ ရက်အပိုင်းအခြားလည်း ဖြစ်ခဲ့ပါတယ်။

နေ့စဉ် ကိုဗစ်ရောဂါနဲ့ လူသေဆုံးမှု များပြားလာတာမို့ နာရေးကူညီမှုအသင်းတစ်ခုဖြစ်တဲ့ မနောဖြူ လူမှုကူညီရေးအသင်းဟာ ဇူလိုင်လ ၁၇ရက်နေ့က စတင်ပြီးတော့ အလောင်းတွေကို ကိုယ်တိုင် လိုက်လံသယ်ယူပေးခြင်းကို ရပ်နားလိုက်ရပြီး နိဗ္ဗာန်ယာဉ်ကူညီခြင်းနဲ့ မီးသင်္ဂြိုဟ်ပေးခြင်းကိုသာ ဆက်လက်လုပ်ဆောင်နိုင်ပါတော့တယ်။

ဇူလိုင်လ ၂၆ရက်နေ့က စတင်ပြီးတော့ ပုသိမ်မြို့ရဲ့ နေ့စဉ် ကိုဗစ်နဲ့ သေဆုံးသူဟာ ၂၀ဦးဝန်းကျင်ကို ပြန်လည်ကျဆင်းသွားပေမဲ့ အခုချိန်အထိ အောက်ဆီဂျင်လုံလောက်မှုမရှိတာ ဆေးဝါးကုသဖို့နေရာ လုံလောက်မှုမရှိတာ ဆေးဝါးဝယ်ယူရာမှာ အခက်အခဲတွေကြောင့် ဩဂုတ်အတွင်း ဘယ်လိုဖြတ်သန်းကြမလဲဆိုတာ မမျှော်မှန်းနိုင်သေးပါဘူး။

အကြမ်းဖက်စစ်အုပ်စုရဲ့ စီမံချက် လမ်းညွှန်ချက်အလွဲတွေ အောက်ဆီဂျင်သယ်ယူရာမှာ ကန့်သတ်မှုတွေ အဆင့်ဆင့်လုပ်ဆောင်တာတွေဟာလည်း လူသေဆုံးမှုကို ဆက်တိုက် မြင့်တက်လာနေစေတဲ့ အဖြစ်ကို ကြုံတွေ့နေရတဲ့အပြင် ပြည်သူအများစုဟာ အလုပ်အကိုင်အခွင့်အလမ်း ပျောက်ရှသွားခြင်းနဲ့ ဝင်ငွေကင်းမဲ့သွားခြင်းတွေကြောင့် အငတ်ဘေးကိုပါ ရင်ဆိုင်လာရပြီး ပြည်သူ့အစိုးရလက်ထက်ကလို စစ်အုပ်စုဟာ ပြည်သူတွေကို ထောက်ပံ့ကူညီခြင်းမရှိဘဲ လက်နက်ပြအာဏာတည်နေစေတာဟာ အကြပ်အတည်းကို ပိုမိုဦးတည်သွားစေနေပါတယ်။