၉ ၊ ဇွန်လ ၊ ၂၀၂၁ ။
အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ ပြည်ထဲရေး ဝန်ကြီး ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်ရဲ့သားဖြစ်သူ စည်သူ ထွဋ်နဲ့အပေါင်းအပါတွေ စားသောက်ဆိုင်မှာ ရမ်းကားပြီးနောက် ဆိုင်ပိုင်ရှင်နဲ့ ဝန်ထမ်းတွေ ဖမ်းဆီးခံလိုက်ရပါတယ်။
ဇွန်လ(၇)ရက်နေ့ညက နေပြည်တော် သပြေကုန်း ဧရာဝတီလမ်းမကြီးပေါ်မှာရှိတဲ့ Excellent Bar & Restaurant မှာ စည်သူထွဋ်အပါအဝင် ရွှေတောင်ကြီးစားသောက်ဆိုင်ပိုင်ရှင်အဖွဲ့နဲ့ လူငယ်သုံးယောက်အဖွဲ့ အကြား ကနဦးရန်ဖြစ်ခဲ့ကြတယ်လို့ အမည်မဖော်လိုတဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
နှစ်ဖက်ရန်ပွဲကို ဆိုင်ဝန်ထမ်းတွေက ကြားဝင်ဖြန်ဖြေပေးခဲ့ပေမယ့် စည်သူထွဋ်နဲ့အဖွဲ့က အဲဒီဝန်ထမ်းတွေကိုပါ ထိုးကြိတ်ရန်ပြုခဲ့တယ်လို့ သိရပါတယ်။ ရန်ပွဲအပြီးမှာတော့ အခြေအနေအရပ်ရပ်ကိုထိန်းသိမ်းညှိနှိုင်းဆောင်ရွက်ဖို့လို့ပြောပြီး ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးမျိုးဝေလင်းနဲ့ ဆိုင်ရှိဝန်ထမ်း မိသားစုတွေအားလုံးကို ရဲတပ်ဖွဲ့က ကားအစီး(၂၀)နဲ့ ညတွင်းချင်း လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဖြစ်စဥ်ကို မှတ်တမ်းတင်ထားတဲ့ ဖုန်းတွေအားလုံးကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းသွားခဲ့ပြီး ဇွန်လ(၈)ရက်နေ့မနက်ပိုင်းမှာတော့ ဝန်ထမ်းတချို့နဲ့မိသားစုတွေကို ခံဝန်နဲ့ပြန်လွှတ်ပေးခဲ့ကာ ဆိုင်ပိုင်ရှင်နဲ့ဝန်ထမ်း(၁၅)ဦးကို ဆက်လက်ဖမ်းဆီးထားခဲ့တယ်လို့ သိရပါတယ်။ လက်ရှိအချိန်အထိ မိသားစုရှေ့နေနဲ့ပါ တွေ့ခွင့်မပေးဘူးလို့လည်း သိရပါတယ်။
စည်သူထွဋ်ဟာ မကြာသေးခင်ကလည်း နေပြည်တော်က KTV တစ်ခုမှာ ပြဿနာရှာခဲ့တာကြောင့် ဆိုင်တပတ်ပိတ်သိမ်းခံခဲ့ရတဲ့ဖြစ်စဉ်ရှိခဲ့ပါသေးတယ်။ ဆိုင်အတွင်းအကြမ်းဖက် ရန်ပြုတဲ့လုပ်ရပ်ကြောင့် ဆိုင်ရှင်က သူ့ကို ပြန်လည်အမှုဖွင့်တိိုင်ကြားဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။
ရန်ကုန်မှာလွန်ခဲ့တဲ့ရက်ပိုင်းကဖြစ်ပေါ်ခဲ့တဲ့ LGBTအလှမယ်တစ်ဦး ကားတိုက်သေဆုံးမှုရဲ့ လက်သည်တရားခံကလည်း အကြမ်းဖက်စစ်အုပ်စုအသိုင်းအဝိုင်းထဲက အရှိန်အဝါကြီးတဲ့သားသမီးတစ်ဦးဖြစ်ပြီး ကလပ်မှ အပြန်ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် Delta News Agencyအနေနဲ့ အတည်ပြုနိုင်ဖို့ ကြိုးစားနေစဲ ဖြစ်ပါတယ်။