ယုံကြည်ရာ ခြေတလှမ်း တော်လှန်ရေးအတွက် ငါးသန်း 

၁၂၊ ဩဂုတ်လ၊ ၂၀၂၁။

ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အတွက် ယုံကြည်ရာ ခြေတလှမ်း တော်လှန်ရေးအတွက် ငါးသန်း အစီအစဉ်ကို စတင်လိုက်ပါပြီ။

CRPH-OFP နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနတို့ ဦးစီးပြီး ယုံကြည်ရာခြေတလှမ်း ၊ တော်လှန်ရေးအတွက် ငါးသန်း ဆိုတဲ့ အစီအစဉ်ကို ဩဂုတ်လ ၁၂ ရက် ဒီနေ့က စတင်ပြီး လုပ်ဆောင်သွားမယ်လို့ လူမှုကွန်ရက်စာမျက်နှာတွေက တဆင့် ကြေညာခဲ့ပါတယ် ။

အမေရိကန်ဒေါ်လာ စုစုပေါင်း ငါးသန်းပမာဏ ရှိတဲ့ Raffle Ticket တွေကို အလှူငွေကောက်ခံ ရောင်းချသွားမယ်လို့ သိရပါတယ် ။ အဲဒီပမာဏကို ဩဂုတ်လအတွင်း ပြည့်မီအောင် ရည်မှန်းချက်ထားပြီး ကမ္ဘာအနှံ့မှာ ရှိနေတဲ့ CRPH-OFP Fundraisers ကတဆင့် အလှူငွေတွေ ကောက်ခံသွားမှာ ဖြစ်ပြီး ဒီအစီအစဉ်မှာပါဝင်လှူတန်းကြတဲ့ ပြည်သူတွေကိုလည်း ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ Raffle Ticket ကို မဲနှိုက်ပြီး တော်လှန်ရေးအမှတ်တရ ပစ္စည်းတွေကို မဲဖေါက်ပေးသွားမယ်လို့ သိရပါတယ် ။

ဒီကမ်ပိန်းက ရတဲ့ ဒေါ်လာငါးသန်းကို ပြည်သူ့ကာကွယ်ရေးတပ် PDF တွေရဲ့ အဓိက လိုအပ်ချက်တွေ ဖြစ်တဲ့ စားဝတ်နေရေး နဲ့ ပစ္စည်းကရိယာဝယ်ယူရေးတွေမှာ အသုံးပြုဖို့အတွက် ပြန်လည်ခွဲဝေပေးသွားမယ်လို့ သိရပါတယ် ။

ဒီအစီအစဉ်မှာ ပါဝင်နိုင်ဖို့အတွက် Official Fundraiser Network က အလှူခံအဖွဲ့အစည်းတွေထံမှာ ကိုယ် လှူဒါန်းလိုတဲ့ ငွေပမာဏ နှင့်အတူ ကိုယ့်ရဲ့ အမည် နှင့် ဆက်သွယ်ရန် ဖုံးနံပါတ် ဒါမှမဟုတ် အီးမေးလ်လိပ်စာ ကို စာရင်းပေးသွင်းပြီး Raffle Ticket နံပါတ်ကိုရယူ ပါဝင် လှူဒါန်းရမှာ ဖြစ်ပါတယ် ။

အလှူရှင်တွေ စိတ်ချယုံကြည်စွာ ပါဝင်လှူဒါန်းနိုင်ဖို့အတွက် နိုင်ငံတကာ Time Zone အလိုက် CRPH-OFP အသိအမှတ်ပြု Fundraiser အဖွဲ့အစည်းတွေရဲ့ အမည်နဲ့ ဆက်သွယ်လှူဒါန်းနိုင်မယ့် အင်တာနက်လိပ်စာတွေကို CRPH – OFP page မှာ မကြာခင် စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။

Time zone အလိုက် ထပ်တိုး Fundraiser တွေရှိလာမယ်ဆိုရင်လည်း CPRH-OFP Page မှာပဲ တရားဝင်ထပ်မံ ဖော်ပြသွားမှာ ဖြစ်ပြီး CRPH – OFP page မှာဖော်ပြမထားတဲ့ တခြားဘယ်လို အလှူခံ အဖွဲ့အစည်းမျှ ယခု ဒီ 5 Million Challenge Campaign နှင့် ပတ်သက်ခြင်းမရှိဘူးလို့ ဆိုပါတယ် ။

Raffle Ticket တစ်စောင်ကို အခြေခံအားဖြင့် အမေရိကန် ဒေါ်လာ ၁၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဒါပေမယ့် Raffle Ticket နှုန်းထားတွေက ကိုယ်နေထိုင်ရာနိုင်ငံအလိုက် အသုံးပြုတဲ့ငွေကြေး Currency နှင့် ငွေကြေးလဲလှယ်နှုန်း exchange rate ပေါ်မှာမူတည်ပြီး အပြောင်းအလဲ ရှိနိုင်ပါတယ်။

CRPH – OFP နှင့် နိုင်ငံတကာ fundraiser တွေက မိမိတို့ နိုင်ငံ အလိုက် ရောင်းချ အလှူခံမည့် ticket price နှုန်းထားတွေကို အခြေခံ US$ 10 ပေါ်မူတည်ပြီး သင့်လျှော်သလို တိုင်ပင် တွက်ချက်ထားမှာ ဖြစ်တဲ့အတွက် နည်းတယ်များတယ် သဘောမထားပဲ သတ်မှတ်နှုန်းထားအတိုင်း ကိုယ်နဲ့နီးစပ်ရာ CRPH -OFP အသိအမှတ်ပြု Fundraiser တွေထံမှာ စိတ်ချယုံကြည်စွာ မေးမြန်းဝယ်ယူလှူဒါန်းနိုင်တယ်လို့ သိရပါတယ် ။

Raffle Ticket ဝယ်ယူတာကို တဦးကို ဘယ်လောက်နှုန်းဆိုပြီး သတ်မှတ်ထားတာ မရှိပဲ ကိုယ်လှူတန်းချင်တဲ့ ပမာဏနဲ့ ကိုက်ညီတဲ့ Raffle Ticket အရေအတွက်ကို သက်ဆိုင်ရာ Fundraiser ကထုတ်ပေးသွားမှာပါ ။

အလှူ့ရှင်တိုင်းအတွက် လှူဒါန်းခဲ့တာနဲ့ ညီမျှတဲ့ Raffle Ticket နံပါတ်တွေကို ပေးအပ်သွားမှာ ဖြစ်သလို ကိုယ်လှူဒါန်းခဲ့တဲ့ Fundriaser တွေ ဆီမှာ Email Address စာရင်းပေးသွင်းတဲ့ အလှူရှင်တွေကို CRPH – OFP က မြန်မာနိုင်ငံအတွက် တတပ်တအား ပါဝင်လှူဒါန်းမှုကို အသိအမှတ်ပြု တဲ့ ကျေးဇူးတင်လွှာကို အီးမေးက တဆင့် ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။

ရည်မှန်းထားတဲ့ အလှူငွေ ပမာဏ အမေရိကန်ဒေါ်လာ ငါးသန်းပြည့်မီသွားတဲ့အချိန်မှာ အလှူရှင်တွေအတွက် အထူးတုံ့ပြန်ပေးတဲ့အနေနဲ့ Raffle Ticket နံပါတ်တွေကို မဲဖောက်ပေးပြီး တော်လှန်ရေး အမှတ်တရလေးပစ္စည်းလေးတွေကို ဆုမဲအဖြစ် ပြန်လည်ပေးအပ်မယ့် အစီအစဥ်ရှိပါတယ်။ ဒါကြောင့် Ticket နံပါတ်တွေကို ဘယ်သူနဲ့မှ မမျှဝေဘဲ သေချာစွာ သိမ်းဆည်းထားပေးဖို့ မေတ္တာရပ်ခံထားပါတယ် ။

မဲဖောက်တဲ့ အစီအစဥ် အသေးစိတ်ကို CRPH-OFP Page မှာ သြဂုတ်လနောက်ဆုံးပတ်အတွင်း ထပ်မံ ကြေညာပေးသွားမယ်လို့ ဆိုပါတယ် ။

တန်ဖိုးမဖြတ်နိုင်အောင် အနုပညာအင်အားကြီးမားတဲ့ ပန်းချီပညာရှင်တွေရဲ့ တော်လှန်ရေးအမှတ်တရ ရေးဆွဲထားတဲ့ ပန်းချီကားတွေထဲက အချို့ကို အဓိကဆုမဲတွေ အဖြစ်သတ်မှတ်ထားပြီး ရန်ပုံငွေရှာဖွေရေးအဖွဲ့တွေရဲ့ တော်လှန်ရေးအမှတ်တရ လက်ဆောင်ပစ္စည်းအမျိုးအမည်များစွာလည်း ပါဝင်မယ်လို့ သိရပါတယ် ။

ဒီကမ်ပိန်းအစီအစဉ်က အောင်လံလွှင်ချီ နွေဦးထီလို ငွေကြေးဆုမဲ ပါဝင်မှာ မဟုတ်ပဲ လက်ဆောင်ပစ္စည်းတွေကိုပဲ ပြန်လည်ပေးအပ်သွားမှာပါ ။ အောင်လံလွှင်ချီနွေဦးထီ အစီအစဉ်အသေးစိပ်ကိုတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနကနေ မကြာခင်မှာ ကြေညာပေးသွားမှာ ဖြစ်ပါတယ် ။