စစ်မှုထမ်းဥပဒေကြောင့် အင်အားတထောင်ကျော်ထက်မနည်း PDF ထဲဝင်လာတယ်လို့ NUG ပြော

Photo – MOD

ဧပြီ၊ ၃၀ 

အာဏာသိမ်းစစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေအသက်သွင်းပြီးနောက် လူငယ်တွေနဲ့ လူငယ်တွေရဲ့မိ သား စုဝင်အများအပြားဆီက ဆက်သွယ်အကူအညီတောင်းမှုတွေကို လက်ခံရရှိခဲ့ပြီး PDF တပ်ဖွဲ့ထဲဝင်ရောက်လာသူ တထောင်ကျော်ထက်မနည်းရှိတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ NUG တာဝန်ရှိသူတွေကပြောပါတယ်။

“တချို့လည်းပဲ လွတ်မြောက်နယ်မြေတွေမှာရောက်နေကြတာရှိတယ်၊ လွတ်မြောက်နယ် မြေထဲကိုရောက်တဲ့အခါမှာတော့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ နယ်မြေတွေဖြစ်တဲ့အခါကျတော့ သူတို့နဲ့ပူးပေါင်းပြီးတော့ ကူညီပေးနိုင်ရေးဆောင်ရွက်နေတာရှိပါတယ်”လို့ NUG ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကပြောပါတယ်။ 

NUG အစိုးရအဖွဲ့ ဖွဲ့စည်းမှု သုံးနှစ်ပြည့်တဲ့အနေနဲ့ သတင်းစာရှင်းလင်းပွဲတရပ်ကို ဒီကနေ့ အွန်လိုင်းကနေပြု လုပ်ရာမှာ NUG အစိုးရအဖွဲ့တာဝန်ရှိသူတွေက စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးဆောင်ရွက်နေတဲ့အခြေအ နေ တွေကိုလည်း ထည့်သွင်းပြောဆိုရှင်းလင်းခဲ့ကြတာပါ။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့ NUG အနေနဲ့ ထိန်းချုပ်နယ်မြေတွေမှာ ကြိုတင်ကာကွယ်ရေး အစီ အမံတွေချမှတ်ဆောင်ရွက်ပြီး လူငယ်တွေကို ကူညီပေးနေပေမယ့် စစ်ကောင်စီထိန်းချုပ်မှုအောက်က ဒေသတွေ မှာရှိတဲ့လူငယ်တွေကိုတော့ ကာကွယ်ပေးနိုင်ဖို့ခက်ခဲတယ်လို့ ဦးလွင်ကိုလတ်ကဆိုပါတယ်။

“အဲဒီလိုခက်ခဲတဲ့အတွက် လူငယ်တွေက တဦးချင်းစီအနေနဲ့လည်းပဲ တော်လှန်တဲ့စိတ်နဲ့ဒီကိစ္စရပ်ကို ပြတ်ပြတ် သားသားဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနဲ့ရှောင်ရှားနိုင်ဖို့လည်းလိုတယ်။တော်လှန်နိုင်ဖို့လည်းလိုတယ်လို့ကျွန်တော် ထင်တယ်။NUG ရဲ့ ယန္တရားတွေကတော့ အဲ့ဒီနေရာတွေအထိတောအပြည့်အဝလိုက်ပြီး ကာကွယ်မပေး နိုင် သေးဘူး”လို့ ဦးလွင်ကိုလတ်ကပြောပါတယ်။

စစ်မှုထမ်းဥပဒေကိုစစ်ကောင်စီက အသက်သွင်းလိုက်ပြီးနောက် တလအကြာ မတ်လ ၃၀ရက်မှာ NUG က အဲ့ ဒီဥပဒေနဲ့ပတ်သက်လို့ ဆက်သွယ်အကူအညီတောင်းနိုင်တဲ့ တယ်လီဂရန် Hot Line ချန်နယ်ဖွင့်လှစ်ခဲ့ရာမှာ ဒီ  ကနေ့အထိ တလအတွင်း ဆက်သွယ်လာသူ တသောင်းခွဲလောက်ရှိတယ်လို့ NUG ဝန်ကြီးချုပ်ရုံးပြောရေး ဆို ခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

ဆက်သွယ်လာသူတွေထဲ စစ်မှုထမ်းဖို့ အကျုံးဝင်နေတဲ့ လူငယ်တွေကိုယ်တိုင်ပါဝင်သလို လူငယ်တွေရဲ့ မိဘ တွေ၊ဆွေမျိုး မိသားစုဝင်တွေလည်းပါဝင်တယ်လို့ သူကရှင်းပြပါတယ်။

“PDFဘက်ကို ဝင်ချင်တယ်ဆိုပြီးဆက်သွယ်လာသူကအများစုဖြစ်ပါတယ်၊ တချို့ကတော့လည်းပဲ လွတ်မြောက် ရာနယ်မြေတွေကိုတိမ်းရှောင်ချင်တယ်လို့ပြောလာတာတွေရှိသလို တချို့ကျတော့လည်းပဲ သတင်းပေးတာ”လို့ ဦးနေဘုန်းလတ်ကပြောပါတယ်။

PDF ထဲဝင်ရောက်လိုကြောင်း ဆက်သွယ်လာသူတွေကို NUG ကာကွယ်ရေးဝန်ကြီးဌာနဲ့ ဆက်လက်ချိတ် ဆက် ပေးနေပေမယ့် ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ PDF ထဲဝင်လိုသူအားလုံးကို လက်ခံနိုင်တဲ့အခြေအနေမရှိဘဲ အကန့်အသတ်တွေရှိတာကြောင့် စိစစ်လက်ခံပေးနေတယ်လို့လည်း ဆိုပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီဟာ ရှမ်းမြောက်နဲ့ ရခိုင်လို သူတို့အကြီးအကျယ်အထိနာတဲ့ စစ်ပွဲတွေနဲ့ရင်ဆိုင်ခဲ့ရအပြီး အာဏာသိမ်းကာလ သုံးနှစ်ကျော်အကြာ အခုနှစ် ဖေဖော်ဝါရီ ၁၀ရက်မှာ စစ်မှုထမ်းဥပဒေကို စတင်အသက် သွင်း ခဲ့ပါတယ်။

အဲ့ဒီဥပဒေ အာဏာစတည်ပြီလို့ကြေညာပြီးနောက် နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေ တိတိကျကျ မပြဌာန်း ရ သေးခင်မှာပဲ စစ်ကောင်စီဟာ နိုင်ငံတဝန်းမှာ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့လူငယ်တွေကို တက်သုတ်ရိုက်ဖိအားပေး စုဆောင်းခဲ့ပြီး သင်္ကြန်နှစ်သစ်ကူးကာလမတိုင်ခင် ဧပြီလဆန်းပိုင်းမှာ  ပထမဆုံး သင်တန်းအပတ်စဉ်တွေ စတင်ခဲ့ ပါတယ်။

သင်တန်းအပတ်စဉ်တခုကို လူဦးရေ ငါးထောင်ဝန်းကျင်လောက်နဲ့ စစ်မှုထမ်းအသစ်တွေစုဆောင်းမယ်လို့ စစ် ကောင်စီက ထုတ်ဖော်ပြောဆိုခဲ့သလို ပထမဆုံး အပတ်စဉ်မှာ လူအင်အား ငါးထောင်ကနေ ခြောက်ထောင်ကြား လောက်သင်တန်းတက်ရောက်နေတယ်လို့ လေ့လာသူတွေကခန့်မှန်းကြပါတယ်။

စစ်မှုထမ်းဥပဒေအရ စုဆောင်းခံရနိုင်ချေရှိတဲ့လူငယ်တွေအနေနဲ့ စုဆောင်းမခံရသေးမီကနေ တပ်သားသစ်အဖြစ် စုဆောင်းခံရပြီး ရှေ့တန်းစစ်မြေပြင် စေလွှတ်ခံရချိန်အထိ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ ချိတ် ဆက် ထွက်ခွာလာနိုင်တဲ့ အစီအမံတွေချမှတ်ပေးထားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနအတွင်းဝန် ဦးနိုင်ထူးအောင်ကပြောပါတယ်။

“ထွက်လာနိုင်ဖို့အမြဲတမ်းအခွင့်အရေးပေးသွားမယ်၊ဘယ်လိုမှ အဆင့်ဆင့်မှာပေါ့ ထွက်သွားဖို့ ကြိုးစားတာ မ အောင်မြင်ဘူး၊နောက်ဆုံး စစ်မြေပြင်ရောက်တဲ့အချိန်အထိ သူတို့တွေစစ်ကောင်စီလက်အောက်ကထွက်  လာ နိုင်ဖို့အခြေအနေတွေဖန်တီးပေးသွားမယ်။သို့သော် တကယ့်စစ်မြေပြင်မှာတော့ ခွဲခြားဖို့ခက်တယ်၊ အရှင်ဖမ်းဆီး မိလာတယ်ဆိုရင်တော့ ဒီပေါ်မှာ အတတ်နိုင်ဆုံးစိစစ်ပေးလို့ရနိုင်တာတော့ ရှိပါတယ်”လို့ သူကဆိုပါတယ်။

လက်ရှိစစ်ကောင်စီရဲ့  စစ်မှုထမ်းဥပဒေအရ ဖွင့်လှစ်နေတဲ့ ပထမဆုံး အပတ်စဉ်စစ်သင်တန်းတက်ရောက်နေရ သူတွေထဲ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်ဆန္ဒမပါဘဲ လိုက်ပါသွားရသူတွေလည်းရှိနေနိုင်တယ်ဆိုတဲ့ သုံး သပ်မှုတွေရှိပါတယ်။

ဒီအတောအတွင်း ပြီးခဲ့တဲ့ ဧပြီလ ၁၂ရက်က စစ်ကိုင်းတိုင်း မုံရွာမြို့ကနေ အရာတော်မြို့နယ်မှာရှိတဲ့ စစ်အခြေခံ သင်တန်းကျောင်းကိုသွားတဲ့ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရမှုအတွင်း စစ်ကောင်စီဗိုလ်ကြီးတဦးအပါအဝင် စစ်သင်တန်းတက်မယ့်သင်တန်းသား နှစ်ဆယ်လောက် သေဆုံးတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁)စစ်ဒေသက ထုတ်ပြန်ထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အပြင် သင်တန်းသား အသစ် ၄၅ ဦးကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ လည်း အမှတ်(၁)စစ်ဒေသကဆိုထားတာပါ။

သုံ့ပန်းအဖြစ် ဖမ်းဆီးရမိလာသူတွေထဲ အဓမ္မ စစ်သားစုဆောင်းခံထားရသူတွေပါဝင်ကြောင်း စိစစ် တွေ့ရှိရင် အဲ့ဒီ အချက်ကို ထည့်သွင်းစဉ်းစားပေးမယ့်မူဝါဒရှိပေမယ့် စစ်မြေပြင်မှာတော့ ဘယ်သူဘယ်ဝါ ခွဲခြားနိုင်ဖို့ ခက်ခဲ တယ်လို့ NUG တာဝန်ရှိသူတွေကပြောပါတယ်။

“သေချာတာတခုကတော့ ကိုယ်ကစိတ်ပါသည်ဖြစ်စေ၊ စိတ်မပါသည်ဖြစ်စေ အကြမ်းဖက် စစ်အုပ်စုဘက်က ရပ် ပြီးတော့ပြည်သူလူထုကဘက်ကို သေနတ်ဖောက်ပြီဆိုရင်တော့ ဒါ အကြမ်းဖက် စစ်အုပ်စုဘက်ကို ဝင်ရောက် သွားတဲ့အနေအထား၊သူ့ဘက်ကနေ စစ်ကို ကူတိုက်တယ်ဆိုတဲ့အနေအထားဖြစ်သွားမှာပေါ့နော်”လို့ ဦးနေဘုန်း လတ်ကဆိုပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်သားအဖြစ် အဓမ္မ စုဆောင်းခံရသူတွေအနေနဲ့ စစ်မြေပြင်မှာ တိုက်ပွဲဝင်ရတဲ့အခြေ အနေအထိ အရောက်မခံဘဲ တော်လှန်ရေးအင်အားစုတွေဆီ နည်းလမ်းပေါင်းစုံနဲ့ဆက်သွယ်ပြီး အလံဖြူ ထောင် လက်နက်ချတာ၊ပြည်သူ့ရင်ခွင့်ခိုလှုံတာတွေလုပ်နိုင်အောင်ကြိုးစားဖို့သူကတိုက်တွန်းပါတယ်။

ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကတော့ သူတို့အနေနဲ့ ကိုယ်တိုင်ဆန္ဒမပါဘဲ စစ်ကောင်စီတပ်သားအဖြစ် စစ်မှုထမ်းဖို့ အတင်းအကျပ်စုဆောင်းခံလိုက်ရသူတွေကို လက်လွှတ်မထားဘူးလို့ ဆိုပါတယ်။

“မဖြစ်မနေ (စစ်မှုထမ်းဖို့)ပါသွားတဲ့ လူငယ်တွေကိုလည်း ကျွန်တော်တို့ချိတ်ဆက်မှုရှိတဲ့သူတွေရှိတယ်၊ သူတို့ ဘာ ဆက်လုပ်ရမယ်ဆိုတဲ့ကိစ္စရပ်တွေနဲ့ပတ်သက်ရင်လည်း ကျွန်တော်တု့လက်လွှတ် မထားဘူး။စနစ်တကျနဲ့ သင် တန်းမှာသင်တန်းအလျောက်၊ သင်တန်းပြီးလို့ရှေ့တန်းကိုရောက်လာတဲ့အခါမှာလည်း ကျွန်တော်တို့နဲ့ချိတ် ဆက် နိုင်မယ့်လမ်းကြောင်းတွေဖွင့်ဖို့ ကြိုးစားထားတာလည်း ရှိပါတယ်”လို့ ဦးလွင်ကိုလတ်ကပြောပါတယ်။