မြန်မာနိုင်ငံက စစ်ပွဲတွေမှာ ထိုင်းနိုင်ငံသားတွေ ပိတ်မိခဲ့ရင် ကယ်ထုတ်ဖို့ ထိုင်းရေတပ် ပြင်ဆင်ထား

ဧပြီ ၊ ၃၀

အိမ်နီးချင်း မြန်မာနိုင်ငံမှာ စစ်ရေး တင်းမာမှုတွေ အရှိန်မြင့်လာတဲ့နောက် လိုအပ်လာရင် ထိုင်းနိုင်ငံသားတွေကို ကူညီ ရွှေ့ပြောင်းပေးဖို့ စစ်သင်္ဘောတွေ အသင့်ပြင်ဆင်ထားကြောင်း ထိုင်းတော်ဝင်ရေတပ်က အတည်ပြုခဲ့ပါတယ်။

တော်ဝင်ရေတပ်ရဲ့ စစ်သင်္ဘော လေးစီးပါ အစုအဖွဲ့ကို ကပ္ပလီ ပင်လယ်မှာ အသင့်အနေအထား စောင့်ဆိုင်းခိုင်းထားပြီး မြန်မာနိုင်ငံမှာ အခြေအနေတွေ ပိုဆိုးလာရင် ထိုင်းနိုင်ငံသားတွေကို ကယ်ထုတ်နိုင်ဖို့ စီမံထားတယ်လို့ ထိုင်းတော်ဝင်ရေတပ် အကြီးအကဲ အေဒွန်ပန်အမ်းက ပြောပါတယ်။

အသင့်စောင့်နေတဲ့ စစ်သင်္ဘောတွေဟာ ဖရီးဂိတ် စစ်သင်္ဘောနှစ်စီးနဲ့ ကမ်းထိုးရေယာဉ်နှစ်စီးတို့ ဖြစ်တယ်လို့ ထိုင်းရေတပ်နဲ့ နီးစပ်တဲ့ စစ်ရေး သတင်းရင်းမြစ်တွေက ဆိုပါတယ်။

တကယ်လို့ အာဏာသိမ်း မြန်မာစစ်တပ်နဲ့ တော်လှန်ရေး အင်အားစုတွေကြား လက်ရှိထက် စစ်ရေးတင်းမာမှုတွေ မြင့်တက်လာပြီး မြန်မာဖက်ကို ရောက်နေတဲ့ ထိုင်းနိုင်ငံသားတွေ ပိတ်မိကုန်မယ်ဆိုရင် ကယ်ထုတ်ဖို့ အခုလို အသင့်ပြင်ဆင်ထားတာလို့ အေဒွန်က ရှင်းပြပါတယ်။

လောလောဆယ် ထိုင်းနယ်စပ်က မြ​ဝတီမြို့ တဝိုက်မှာ တိုက်ပွဲတွေ အရှိန်လျော့သွားပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ထားဝယ်မြို့နယ်ထဲက ထိုင်းပိုင်နက်နဲ့ ၁၀ ကီလိုမီတာလောက်အကွာ မြန်မာ စစ်စခန်း တခုကို တော်လှန်ရေး အဖွဲ့တွေက သိမ်းယူပြီး မီးရှို့ ဖျက်ဆီးလိုက်တယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြသွားခဲ့ပါတယ်။

Ref: Thaiger