ထိုင်းမှာ မျောက်တွေကို နှင်ထုတ်ဖို့ ဆန္ဒပြထားတဲ့ ပိုစတာတွေကို မျောက်အုပ်က ဖျက်ဆီး

ဧပြီ ၊ ၃၀

ထိုင်းနိုင်ငံက ကမ္ဘာလှည့်ခရီးသွားတွေ စည်ကားတဲ့ နေရာတခုမှာ မျောက်တွေ အလွန်အကျွံ ရဲတင်းလာတာကြောင့် ခေါင်းခဲစရာ ဖြစ်နေပါတယ်။

လော့ဘူရီမှာရှိတဲ့ ကမ္ဘာလှည့် ခရီးသွားတွေ လည်ပတ်လေ့ရှိတဲ့ ဧရိယာမှာ မျောက်တွေက လက်ရဲဇက်ရဲ နိုင်တဲ့အပြင် ဉာဏ်ရည်မြင့်မားတဲ့ သဘောမျိုး တုံ့ပြန်မှုတွေကိုလည်း ပြသခဲ့ပါတယ်။ အဲဒီ မျောက်အုပ်တွေဟာ အနီးတဝိုက်မှာ မျောက်တွေ ရှိနေတာကို ဆန္ဒပြ ဆန့်ကျင်ထားတဲ့ ပိုစတာတွေကိုပါ ရည်ရွယ်ချက်ရှိရှိ ဆွဲဆုတ်နေခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လော့ဘူရီဟာ သမိုင်းကြောင်းတွေ ကြွယ်ဝတဲ့ မြို့တခုဖြစ်ပြီး လူနေဧရိယာတွေထဲမှာ မျောက်တွေ လွတ်လွတ်လပ်လပ် လှည့်လည် သွားလာနေလေ့ရှိတဲ့ အတွက်ကြောင့်လည်း ကမ္ဘာလှည့် ခရီးသွားတွေကြားမှာ လူသိများပါတယ်။

ဒါပေမဲ့ မျောက်တွေနဲ့ လူတွေကြားက ယှဉ်တွဲနေထိုင်မှုဟာ အမြဲတမ်း ငြိမ်းချမ်းနေတာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် လက်ရှိကာလမှာ မျောက်တွေရဲ့ လုယက်မှု၊ ရန်လို တိုက်ခိုက်မှုတွေက မကြုံစဖူး တိုးပွားလာပြီး လူသားတွေနဲ့ တင်းမာမှုက အမြင့်ဆုံး ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဧပြီ ၂၁ ရက်နေ့မှာတော့ ဒေသခံ လူမှုအသင်းအဖွဲ့ တခုက အဲဒီလူနေဧရိယာ တဝိုက်မှာ မျောက်အုပ်တွေ ဆက်မရှိတော့အောင် ရှင်းလင်းဖို့ ဆန္ဒပြတဲ့ ပိုစတာတွေကို လိုက်ပ်ထားခဲ့ပါတယ်။

ဒါပေမဲ့ သိပ်မကြာခင်မှာပဲ မျောက်တွေက သစ်ပင်ပေါ်က ဆင်းလာကြပြီး အဲဒီ ပိုစတာတွေကို ဒေါသတကြီး ပစ်မှတ်ထား တိုက်ခိုက် ဖျက်ဆီးပစ်ခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

လော့ပ်ဘူရီမှာတော့ မျောက်တွေရဲ့ အတင့်ရဲမှုကို သည်းခံနေဖို့ သင့်မသင့် ဆိုတာနဲ့ ပတ်သက်ပြီး လူ့အသိုက်အဝန်းကြား သဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။ မျောက်တွေဟာ ကမ္ဘာလှည့် ခရီးသွားတွေရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်တာကြောင့် ထိန်းသိမ်း စောင့်ရှောက်သင့်တယ်လို့ ပြောဆိုသူတွေ ရှိနေသလို တချို့ မြို့ခံတွေကလည်း ကမ္ဘာလှည့် ခရီးသွားတွေ လာလည်တာဟာ မြို့ရဲ့ ထည်ဝါတဲ့ သမိုင်းကြောင်းကြောင့်လား၊ မျောက်တွေကို ကြည့်ဖို့လားဆိုပြီး တန်ပြန် မေးခွန်းထုတ်နေကြပါတယ်။

Ref: Mirror