အမေရိကန် လေယာဉ်တင် သင်္ဘော ဦးဆောင်တဲ့ တိုက်ရေယာဉ်အုပ်စု ထိုင်းနိုင်ငံမှာ ကမ်းကပ်

ဧပြီ ၊ ၂၆

နှစ်နိုင်ငံ ဆက်ဆံရေးကို မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ အမေရိကန် ရေတပ်ရဲ့ လေယာဉ်တင် သင်္ဘောကြီး တစီးဟာ ထိုင်းနိုင်ငံမှာ ဆိုက်ကပ်ထားပါတယ်။

USS Theodore Roosevelt လေယာဉ်တင် သင်္ဘော ဦးဆောင်တဲ့ မဟာဗျူဟာ တိုက်ရေယာဉ် အုပ်စုဟာ ချောင်ဘူရီမှာရှိတဲ့ လေယမ်ချာဘမ်မှာ ကမ်းကပ်ရပ်နားထားချိန် အတောအတွင်း ဒေသခံတွေအတွက် လူထုအကျိုးပြု လုပ်ငန်းတွေမှာ ပူးပေါင်း ကူညီသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

လေယာဉ်တင် သင်္ဘော ဦးဆောင်တဲ့ တိုက်ရေယာဉ်အုပ်စု (CSG) အမှတ် ၉ ရဲ့ ဦးစီးအရာရှိ နောက်တန်း သေနာပတိ ခရစ္စတိုဖာ အလက်ဇန္ဒားက အမေရိကန်နဲ့ ထိုင်းနိုင်ငံတို့ဟာ ခိုင်မြဲတဲ့ ဆက်ဆံရေး သမိုင်းကြောင်းတွေနဲ့ တူညီတဲ့ စံနှုန်းတွေ၊ အကျိုးစီးပွားတွေ ရှိနေတယ်လို့ ပြောပါတယ်။

သူက အနောက်ပစိဖိတ် ရေပြင်မှာ CSG အမှတ် ၉ ရဲ့ ပုံမှန် စစ်ဆင်ရေးတာဝန်တွေ ထမ်းဆောင်ရင်း ထိုင်းနိုင်ငံမှာ ကမ်းကပ် ရပ်နားဖြစ်ခဲ့တာလို့လည်း ဆိုပါတယ်။ အခု ခရီးစဉ်ဟာ အမေရိကန် ရေတပ်နဲ့ ထိုင်းပြည်သူတွေကြား အပြန်အလှန် နားလည်မှု တည်ဆောက်ဖို့ အကောင်းဆုံး အခွင့်အလမ်း တရပ်လို့ ခံယူထားကြောင်းလည်း အလက်ဇန္ဒားက မှတ်ချက် ပေးခဲ့ပါတယ်။

USS Theodore Roosvelt ဦးဆောင်တဲ့ CSGမှာ ဖျက်သင်္ဘော လေးစီးလည်း အခြံအရံအဖြစ် လိုက်ပါလာပါတယ်။ လေယာဉ်တင် သင်္ဘောကြီးပေါ်မှာတော့ F-35C Lightning IIနဲ့ F/A-18 Super Hornet တိုက်လောဉ်တွေ တင်ဆောင်လာတယ်လို့ သိရပါတယ်။

အထပ် ၁၀ ထပ်နဲ့ ဖွဲ့စည်းထားပြီး ၄ ဧကခွဲလောက်ကျယ်တဲ့ စစ်ဆင်ရေး ဧရိယာမျိုး ထည့်သွင်း တည်ဆောက်ထားတဲ့ နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင် သင်္ဘောကြီးပေါ်မှာ အမှုထမ်း ၅၄၀၀ လောက် စီးနင်း လိုက်ပါလာပါတယ်။ USS Theodore Roosveltဟာ ထိုင်းနိုင်ငံကို ၂၀၁၈ ခုနှစ်တုန်းက ပထမဆုံးအကြိမ် လာရောက် ဆိုက်ကပ်ခဲ့ဖူးပါတယ်။

ထိုင်းကနေ ဆက်လက် ထွက်ခွာပြီးရင် USS Theodore Roosvelt ဦးဆောင်တဲ့ CSGဟာ ပစိဖိတ် သမုဒ္ဒရာထဲမှာ စစ်ရေးလေ့ကျင့်မှု တခုအတွက် သွားရောက် ပူးပေါင်းဖို့ စီစဉ်ထားပေမယ့် အသေးစိတ်ကိုတော့ မထုတ်ပြန်ဘဲ လျှို့ဝှက်ထားပါတယ်။ ဒါပေမဲ့ အဲဒီ CSGဟာ တရုတ်နဲ့ ဒေသတွင်း နိုင်ငံတွေကြား ရေပိုင်နက် အငြင်းပွားမှုတွေ ရှိနေရာ တောင်တရုတ်ပင်လယ် တဝိုက် ရေပြင်ဆီ ဦးတည် ခုတ်မောင်းနိုင်ကြောင်း ထင်ကြေးတွေ ထွက်ပေါ်နေပါတယ်။

Ref: Bangkok Post