နှစ်နိုင်ငံ ဆက်ဆံရေးမှာ အနုတ်လက္ခာ ညွှန်ကိန်းတွေ ရှိနေဆဲလို့ ဘလင်ကန်ကို ဝမ်ယိပြော

ဧပြီ ၊ ၂၆

နှစ်နိုင်ငံ ဆက်ဆံရေးမှာ အနုတ်လက္ခဏာဆန်တဲ့ ညွှန်ကိန်းတွေ ရှိနေပြီး အမေရိကန်ဟာ တရုတ်ရဲ့ တိုးတက်မှုတွေကို ဖိနှိပ်ဖို့ ကြိုးစားသလို ဖြစ်နေကြောင်း တရုတ် နိုင်ငံခြားရေး ​ဝန်ကြီး ဝမ်ယိက ဧည့်သည်တော် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်ကို ပြောပါတယ်။

ဘလင်ကန်ဟာ စူပါပါဝါ နှစ်နိုင်ငံကြား တင်းမာမှုတွေကို ဖြေလျှော့ရေး ရည်မှန်းချက်နဲ့ ဘေဂျင်းကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဘလင်ကန်ရဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ မူဝါဒရေးရာ သဘောထား ကွဲလွဲမှုတွေကို ကျဉ်းမြောင်းစေဖို့ အဓိက ဦးတည်ထားတယ်လို့လည်း အမေရိကန် အစိုးရက ကြေညာထားပါတယ်။

ဘလင်ကန်နဲ့ ဝမ်တို့ဟာ ဧပြီ ၂၆ ရက်နေ့မှာ နာရီပေါင်း အတော်ကြာအောင် တံခါးပိတ် ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။ ဆွေးနွေးပွဲ မတိုင်ခင် တွေ့ဆုံကြရာမှာတော့ ဝမ်က တရုတ်-အမေရိကန် ဆက်ဆံရေးရဲ့ ပင်မ အစိတ်အပိုင်းကြီးက တည်တည်ငြိမ်ငြိမ် ရှိပေမယ့်လည်း အရှိန်အဟုန်နဲ့ ချဲ့ထွင် တည်ဆောက်ဖို့ ဆိုရင်တော့ အနုတ်လက္ခဏာဆန်တဲ့ ညွှန်ကိန်းတွေ ကျန်နေဆဲပဲလို့ ထောက်ပြ ပြောဆိုခဲ့ပါတယ်။

နှစ်ဖက်ကြားက ဆက်ဆံရေးမှာ အနှောင့်အယှက်တွေက ပုံစံပေါင်းစုံ ရှိနေကြောင်း၊ တရုတ်ရဲ့ မျှတတဲ့ တိုးတက်ဖြစ်ထွန်းမှု အခြေအနေတွေဟာ အကြောင်းပြချက် မခိုင်မာဘဲ နှောင့်ယှက် ခံနေရသလို တရုတ်ရဲ့ အကျိုးစီးပွားတွေကလည်း စိန်ခေါ်မှုတွေ ခံနေရကြောင်း ဝမ်က ပြောပါတယ်။

ဘလင်ကန်ကတော့ နှစ်ဖက်ကြား ကွဲလွဲမှုတွေကို ပိုမို နီးနီးကပ်ကပ် ညှိနှိုင်းနိုင်မယ့် သံတမန်ရေးရာ လှုပ်ရှားမှုတွေ လိုအပ်ကြောင်း၊ နိုဝင်ဘာလတုန်းက ဆန်ဖရန်ဆစ္စကိုမှာ နှစ်နိုင်ငံ သမ္မတတွေ တွေ့ဆုံချိန် ရရှိခဲ့တဲ့ လုပ်ငန်းစဉ် သဘောတူညီချက်တွေကိုလည်း ပိုပြီး အရှိန်မြှင့် အကောင်အထည်ဖော်ဖို့လိုကြောင်း တုံ့ပြန်သွားခဲ့ပါတယ်။

ဘလင်ကန်နဲ့ ဝမ်တို့ကြား တွေ့ဆုံမှုမှာ အဓိက ဆွေးနွေးမယ့် ခေါင်းစဉ်တွေကို မသိရသေးပါဘူး။ ဒါပေမဲ့ ထိုင်ဝမ်အရေး၊ နှစ်နိုင်ငံ ကုန်သွယ်ရေး၊ တောင်တရုတ်ပင်လယ်အရေးတွေအပြင် ရုရှားကို တရုတ်က ထောက်ခံရပ်တည်နေမှုတွေစတဲ့ ကျယ်ပြန့်တဲ့ အကြောင်းအရာတွေ ပါဝင်လိမ့်မယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူ တချို့က မှတ်ချက်ပေးထားပါတယ်။

Ref: Reuters