ရာသီဥတု ပူလွန်းတာကြောင့် ဖိလစ်ပိုင်မှာ ကျောင်းတွေ ယာယီပိတ်ပြီး အွန်လိုင်းသင်ကြားမှု ပုံစံပြောင်းထား

 (Photo by Ted ALJIBE / AFP)

ဧပြီ ၊ ၂၆

အလွန်အကျွံ ရာသီဥတု ပူပြင်းမှုတွေကြောင့် ဖိလစ်ပိုင်မှာ ကျောင်းတွေကို ယာယီပိတ်ထားပြီး အွန်လိုင်းကနေ သင်ကြားပို့ချတဲ့ စနစ်တွေကို ကျင့်သုံးနေစေရပါတယ်။

ကိုဗစ်ကပ်ရောဂါ ကာလတုန်းကလည်း ကလေးတွေဟာ နေအိမ်ကနေပဲ ကျောင်းစာသင်ရတဲ့ အခြေအနေတွေ ကြုံခဲ့ဖူးပြီး အခုတကြိမ်မှာတော့ အဓိက လက်သည် တရားခံက အပူလွန်ကဲမှု ဖြစ်လာပါတယ်။ အခု သီတင်းပတ်ကစလို့ ဖိလစ်ပိုင်က ကျောင်းပေါင်း ၇၀၀၀ ကျော်လောက်ကို အတန်းတက်ရောက်ခွင့် ပိတ်ထားပြီး ဆရာ ဆရာမတွေက အွန်လိုင်းကနေပဲ ကလေးတွေကို ချိတ်ဆက် ပညာသင်ကြားပေးရတာပါ။

ဧပြီလဟာ ဖိလစ်ပိုင် အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေရဲ့ နှစ်စဉ် အပူဆုံးကာလ ဖြစ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ အယ်လ်နီညို အပူလှိုင်းဒဏ်ကြောင့် စံချိန်တင် အပူလွန်ကဲမှုတွေကိုပါ ကြုံတွေ့နေရပါတယ်။

မနီလာ မြို့တော် ဧရိယာတဝိုက်က စာသင်ကျောင်းတွေမှာ ကလေးတွေဟာ အပူကြောင့် သက်ရောက်မှုဒဏ်တွေ ခံစားရတယ် ဆိုတာကို ဆရာ ဆရာမ ၈၀၀၀ ကျော်ဆီ ကောက်ယူတဲ့ စစ်တမ်း ဖြေဆိုသူ ၈၇ ရာခိုင်နှုန်းက မှတ်ချက် ပေးခဲ့ပါတယ်။

စာသင်ခန်းတွေ အများစုမှာ အဲကွန်းတွေ မတပ်ဆင်ထားနိုင်ဘဲ တချို့အခန်းတွေမှာ ပန်ကာ တလုံးနှစ်လုံးလောက်သာ ရှိကြောင်း၊ လေဝင်လေထွက်လည်း မကောင်းတဲ့အခါ လက်ရှိ အပူဒဏ်မျိုးမှာ ကလေးတွေ အတော်လေး အနေအထိုင် ဒုက္ခရောက်ကြကြောင်းလည်း ဆရာဆရာမတွေက ဆိုပါတယ်။

အယ်လ်နီညိုကြောင့် ဖိလစ်ပိုင် အနှံ့မှာ အပူချိန်ဟာ ၄၄ ဒီဂရီ ဆဲလ်ဆီးရပ်စ်လောက်ထိ မြင့်တက်လာနိုင်တယ်လို့လည်း မိုးလေဝသ ပညာရှင်တွေက သတိပေးထားပါတယ်။

နောက်ထပ် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတခုဖြစ်တဲ့ ထိုင်းမှာလည်း အပူလွန်ကဲတာကြောင့် အခုနှစ် ပထမဆုံး သုံးလခွဲတာ ကာလအတွင်း အပူလျှပ် သေဆုံးသူ ၃၀ ကျော်ထိ ရှိခဲ့ကြောင်း သိရပါတယ်။

Ref: CNA