ဖိလစ်ပိုင်မှာ ဆူနာမီကြောက်လို့ ကုန်းတွင်းပိုင်း ဝင်ပြေးသူတွေ မြေပြိုလို့ သေဆုံး 

ဖိလစ်ပိုင် နိုင်ငံမှာ လေပြင်းမုန်တိုင်း တိုက်ခတ်နေချိန် ဆူနာမီ ရေလှိုင်းတွေကို ကြောက်ပြီး ကုန်းတွင်းပိုင်း ဝင်ပြေးသူ တော်တော်များများ မြေပြိုမှုနဲ့ကြုံပြီး သေဆုံးခဲ့ကြပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဖိလစ်ပိုင် နိုင်ငံရဲ့ ကမ်းရိုးတန်း ဒေသတွေကို နယ်လ်ဂေး အပူပိုင်း မုန်တိုင်း ဖြတ်သန်း တိုက်ခတ်ခဲ့ပါတယ်။ အဲဒီအချိန် ကမ်းရိုးတန်း ဒေသတွေမှာ မုန်တိုင်းရဲ့ အရှိန်ကြောင့် လှိုင်းထန်နေခဲ့ပြီး ဒေသခံတွေက ဆူနာမီ ရေလှိုင်းတွေ ရိုက်ခတ်လာမှာကို စိုးရိမ်တဲ့အတွက် ကုန်းတွင်းပိုင်းကို ရွှေ့ပြောင်းခဲ့ကြပါတယ်။ 

မာဂွင်ဒါနာအို ဒေသက ခူဆီအွန်ဆိုတဲ့ ကျေးရွာလေးမှာလည်း ကမ်းရိုးတန်း နေထိုင်သူ တော်တော်များများဟာ ရွာအတွင်းပိုင်း ကုန်းမြင့် ဧရိယာတွေဆီမှာ သွားရောက် ခိုလှုံခဲ့ကြပါတယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ ဆူနာမီမဖြစ်ဘဲ သူတို့ ခိုလှုံတဲ့ နေရာမှာ အကြီးအကျယ် မြေပြိုပြီး တော်တော်များများ ပိမိ သေဆုံးကုန်ကြပါတယ်။ 

လက်ရှိ အချိန်ထိ ဖိလစ်ပိုင်မှာ မုန်တိုင်းကြောင့် သေဆုံးသူ ၇၃ ဦးထက်မနည်းရှိကြောင်း ကြေညာထားရာမှာ မာဂွင်ဒါနာအိုမှာတင် အသေအပျောက် ၇၀ ဝန်းကျင်လောက်ထိ များပြားခဲ့ကြောင်း သိရပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေကတော့ ရွှံ့ချပ်တွေအောက်မှာ မိသားစုလိုက် ပျောက်ဆုံးနေသူတွေ ရှိနေဆဲဖြစ်ပြီး အသေအပျောက် ကိန်းဂဏန်းဟာ နောက်ထပ် ၈၀ နဲ့ ၁၀၀ ကြားလောက်ထိ တိုးလာမှာကို စိုးရိမ်နေပါတယ်။ 

ခူဆီအွန် ရွာလေးဟာ ဒေသခံ လူနည်းစု တီဒူရေ တိုင်းရင်းသား မျိုးနွယ်စုတွေ အများစု နေထိုင်ကြတာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်က ရွာပေါင်း ၂၀၀၀ ကျော်မှာ မုန်တိုင်း အန္တရာယ် ကြုံလာတဲ့အချိန် တုံ့ပြန်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို ကြိုတင် လေ့ကျင့်ပေးထားပြီး ရွာသူရွာသားတွေကလည်း အဲဒီ လမ်းညွှန်ချက်တွေနဲ့အညီ ကုန်းတွင်းပိုင်းကို ရွှေ့ပြောင်းခဲ့ကြတာပါ။ 

ဒါပေမဲ့ သူတို့တွေဟာ ရွာအပေါ်မှာ စီးမိုးတည်ရှိနေတဲ့ မီနန်ဒါ တောင်ကနေ မြေပြိုမှုတွေ ဖြစ်လာနိုင်တာကိုတော့ ကြိုမတွေးမိခဲ့တာကြောင့် အခုလို အဖြစ်ဆိုး ကြုံခဲ့ကြတာပါ။ အခုအခါမှာတော့ မြေခဲတွေ၊ ရွှံ့ချပ်တွေကို ဘူဒိုဇာတွေ၊ ဘက်ဟိုးတွေနဲ့ အကြီးစား ယန္တရားကြီးတွေပါ အသုံးပြုပြီး ဖယ်ရှားနေပါတယ်။ 

ဖိလစ်ပိုင် သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာကတော့ သက်ဆိုင်ရာ ဌာနတွေက ပြည်သူတွေအတွက် လုံလောက်တဲ့ သတင်းအချက်အလက်တွေ မထောက်ပံ့နိုင်လို့ အသေအပျောက် များခဲ့တဲ့အပေါ် စိတ်ပျက်မိကြောင်း ဝန်ခံပါတယ်။ တကယ်တော့ ဖိလစ်ပိုင်ဟာ အားကောင်းတဲ့ တိုင်ဖွန်းတွေ အပါအဝင် မုန်တိုင်းတွေနဲ့ မစိမ်းလှတဲ့ နိုင်ငံတစ်ခုပါ။ စာရင်းတွေအရ နှစ်စဉ် ဖိလစ်ပိုင်ကို ဖြတ်သန်းတိုက်ခတ်တဲ့ မုန်တိုင်းပေါင်း ၂၀ ဝန်းကျင်လောက် ရှိတယ်လို့လည်း သိရပါတယ်။