ဖိုက်တင်းပါ ငါတို့

“ငါတို့မှာ ငါတို့ပဲရှိတယ်”

ဒီစကားဟာ မြန်မာ့နွေဦးတော်လှန်ရေးထဲကနေ ထွက်လာတဲ့စကားပါ။ မအလ အာဏာသိမ်းပြီးနောက်၊ ကိုဗစ် တတိယလှိုင်း မွှေနေချိန်မှာ ထွက်ပေါ်လာခဲ့တဲ့စကားပါ။

အဲဒီ့အချိန် မအလက တစ်နိုင်ငံလုံးကို ပတ်မွှေနေသလို ကိုဗစ်ကလည်း တစ်နိုင်ငံလုံးကို မွှေနေချိန်ပါ။ မအလ နှိပ်စက်နေတဲ့ကြား ကိုဗစ်ကပါ ဝင်နှိပ်စက်နေချိန်ပေါ့။

မိုးထဲရေထဲ အောက်ဆီဂျင်တန်းစီသူတွေကို ဖမ်း၊ အောက်ဆီဂျင် ပေးဝေသူတွေကို ဖမ်း၊ ဆေးဆိုင်တန်းစီသူတွေကို ဖမ်း၊ ဆေးဆိုင်တွေကို ပိတ်၊ ဆေးဝါးတင်သွင်းခွင့်တွေကို ပိတ်ဆို့နဲ့ ငစစ်နဲ့ ငဗစ်တို့ ပြိုင်တူမွှေကြတဲ့ကာလထဲမှာ ကိုရင်တို့ဟာ အချင်းချင်းတစ်ဦးနဲ့တစ်ဦးကြား “ငါတို့မှာ ငါတို့ပဲရှိတယ်”ဆိုတဲ့စကားနဲ့အတူ အားပေးဖေးကူရင်း ဒုက္ခတောထဲကနေ ရုန်းထွက်ကြရတာပေါ့။

“လက်နက်ကလွဲလို့ ဘာမှမရှိတဲ့ သူတို့ရယ်”

“အချင်းချင်းကလွဲလို့ ဘာမှမရှိတဲ့ ငါတို့ရယ်”

ဆိုတဲ့စကားလည်း ရှိထားခဲ့ပါသေးတယ်။

မအလဘက်မှာ သူနဲ့ သူ့ဘောတော်မတွေကလွဲပြီး တကယ်လည်း ဘယ်သူမှ ရှိမနေခဲ့ပါဘူး။ သူတို့မှာ အားကိုးစရာ လက်နက်ပဲ ရှိခဲ့တာပါ။ အခုထိလည်း သူတို့မှာ သန်းလေးဆယ်ဆိုတဲ့ ကောလာဟလလူထုကြီးနဲ့ လက်နက်ပဲရှိ တာပါ။

တစ်ခုတော့ ရှိတာပေါ့။ အဲဒီ လက်နက်တွေနဲ့ လူထုအပေါ် ယုတ်မာရက်စက်မှုတွေကတော့ တစ်နေ့တခြား တိုးတိုးလာခဲ့တာပေါ့။ လက်နက်ပဲရှိတဲ့ သူတို့က တစ်နေ့တခြား လက်နက်တွေ ပိုပိုစုလာ၊ ပိုပိုအားကိုးလာပါတယ်။

အဲ…ကိုရင်တို့ဘက်မှာရော။ ပြန်ကြည့်ကြည့်ရအောင်။ “အချင်းချင်းကလွဲလို့ ဘာမှမရှိတဲ့ ငါတို့”ဆိုတဲ့ ကိုရင်တို့ ဘက်မှာ အဲဒီငါတို့တွေ ဘယ်လိုအခြေအနေရှိနေသလဲ။ နတ်မျက်စိ ဖေ့စဘုတ်ပေါ် တက်ကြည့်လိုက်ကြစို့။

ဟော…အပန်းဖြေကမ်းခြေ ကမ်းစပ်တစ်နေရာမှာ လက်သုံးချောင်းထောင် ဓာတ်ပုံရိုက်ထားသူတစ်ယောက်က သူ့ပုံကို ဖေ့စဘုတ်ပေါ်တင်လာတယ်။ သူ့ပုံနဲ့အတူ တွဲပါလာတဲ့စာက “မအလရေ နင့်ကို ငါက မအလပဲ။ ငါက ရောက်တဲ့နေရာကနေ နင့်ကို ဟောဒါပဲ”တဲ့။

အဲဒီပုံနဲ့ အဲဒီ Post အောက်မှာတော့ ထုံးစံအတိုင်း နှစ်ခြမ်းကွဲနေတဲ့ ကိုရင်တို့ရဲ့ “ငါတို့”ကို တွေ့ကြရမှာပါ။ အပန်းဖြေကမ်းခြေသွား၊ လက်သုံးချောင်းထောင် ဓာတ်ပုံရိုက်၊ လူအများသိအောင် ဖေ့စဘုတ်ပေါ်တင်တဲ့ ပို့စ်ပိုင်ရှင် ကို ထောက်ခံသူ “ငါတို့”က တစ်ဖွဲ့။

အဲဒီပို့စ်ကို မကြိုက်ကြောင်း၊ ဒီကာလမှာ အပန်းဖြေစရာလိုသလား။ အပန်းဖြေချင်လို့၊ အဲဒီ့လိုအပန်းဖြေနေတာကို ကြွားချင်လို့သာ လက်သုံးချောင်းကို အသုံးချပြီး စတေးတပ်တင်တာစတဲ့ ဝေဖန်ချက်တွေပါတဲ့ မန့်တွေ အဲဒီ Post အောက်မှာ လာရေးကြလို့ ကန့်ကွက်သူ “ငါတို့”က တစ်ဖွဲ့။ အဲ့လို “ငါတို့”နှစ်ဖွဲ့ကို တွေ့ရပါတယ်။

ကိုရင့်လက်ထဲက ဖုန်းစခရင်ကို ပွတ်ရင်းအောက်ကိုဆက်ဆွဲချကြည့်လိုက်တယ်။ တွေ့ရပြန်ပြီနောက်တစ်ပို့စ်။ “အဓမ္မကို မုန်းတယ်။ အဓမ္မကို ဟောဒီ့ခွန်၊ ဟောဒီ့အားတွေနဲ့ တိုက်ထုတ်ပစ်မယ်။ အဓမ္မကို အားပေးသူတွေ ကျဆုံးပါစေ” ဆိုတဲ့ပို့စ်နဲ့အတူ နိုင်ငံခြားကနေ လက်သီးလက်မောင်းတန်းဟန်ရေးပြထားသူတစ်ယောက်က သူပုံကို ဖေ့စဘုတ်မှာ တင်ပြန်တယ်။

အဲဒီ Post အောက်မှာလည်း ထုံးစံအတိုင်း ထောက်ခံသူ “ငါတို့”နဲ့ ဝေဖန်သူ “ငါတို့”ကို နှစ်ဖွဲ့အတွဲလိုက် တွေ့ရ ပြန်ပါတယ်။

အောက်ကို နောက်ထပ်ဆက်ဆွဲချပွတ်ကြည့်တော့ တွေ့လာရပြန်ပါပြီ နောက်ထပ်အကြောင်းအရာတစ်ခု။ ဒီတစ်ခါ မတော့ “မအလကို ဆန့်ကျင်ကြောင်း၊ စကစကို မလိုလားကြောင်း၊ ပြည်ပကနေ ထိုင်အော်နေကြောင်း၊ လွတ်မြောက်ကနေ ဆူဆဲနေကြောင်း၊ NUG ဘာလုပ်နေလဲ၊ NUCC ဘာလဲ၊ KNU ဘယ်လဲ”စတဲ့ အကြောင်းအရာစုံ ကို ဘီယာဆိုင်မှာ တစ်ထိုင်တည်းပြောဆိုဝေဖန်/ဖောင်းထုကြသူတွေအပေါ် တန်ပြန်ဝေဖန်/ဖောင်းထုထားတဲ့ ပို့စ် တစ်ခုကို တွေ့ရပါတယ်။

အဲဒီ ပို့စ်အောက်မှာလည်း ထုံးစံအတိုင်း ဘီယာဆိုင်ထိုင်သူကို ဝေဖန်၊ ဖောင်းထုတဲ့ “ငါတို့”က တစ်ဖွဲ့။ အဲဒီဘီယာ ဆိုင်ထိုင်သူက ဝေဖန်/ဖောင်းထုတာကို ထောက်ခံတဲ့ “ငါတို့”က တစ်ဖွဲ့။ အဲဒီဘီယာဆိုင်ထိုင်ပြီး ဝေဖန်/ဖောင်းထု နေသူကို ပြန်ဝေဖန်/ဖောင်းထုသူဘက်ကနေ ထောက်ခံတဲ့ “ငါတို့”က တစ်ဖွဲ့။ ဘီယာဆိုင်ထိုင် ဝေဖန်/ဖောင်းထု သူရော၊ အဲ့ဝေဖန်/ဖောင်းထုသူကို ပြန်ဝေဖန်/ဖောင်းထုသူကိုရော ဝေဖန်/ဖောင်းထုတဲ့ “ငါတို့”က တစ်ဖွဲ့နဲ့ “ငါတို့” အဖွဲ့ဖွဲ့ကို တစ်နေရာတည်းမှာ တွေ့လိုက်ရပါတယ်။ (ဒီနေရာမှာ တစ်ခုကြိုတင်သတိပေးလိုပါတယ်။ ဟိုအဖွဲ့၊ ဒီအဖွဲ့၊ ဟိုဒီအဖွဲ့တွေအကြောင်း ဖတ်ရင်း ခေါင်းမူး၊ ခေါင်းကိုက်နိုင်ပါတယ်။ ခေါင်းမူးပျောက်ဆေး၊ ခေါင်းကိုက် ပျောက်ဆေးတွေ ကြိုသောက်ထားကြဖို့ တိုက်တွန်းလိုပါတယ်။ ကိုရင်လည်း သောက်ထားပါတယ်။)

ဒီလိုနဲ့ “ငါတို့”မှာ “ငါတို့”ပဲရှိတဲ့ “ငါတို့”တွေကို တွေ့လာရင်း၊ တွေ့လာရင်း ကိုရင်လည်း ဖုန်းစခရင်ကို ဆက်ဆက် ပွတ်ရင်း၊ ပွတ်ရင်း ၁၁၅ မိုင်လောက်ရောက်လာခဲ့ပြီးချိန်မှာတော့ ကလစ်တာကို ထောက်ခံတဲ့ ငါတို့အဖွဲ့နဲ့ မကလစ် လို့ ဝေဖန်တဲ့ ငါတို့အဖွဲ့။ Youtube ကြည့်တာကို ထောက်ခံတဲ့ ငါတို့အဖွဲ့နဲ့ Youtube မကြည့်လို့ ဝေဖန်တဲ့ ငါတို့ အဖွဲ့။ ဖရဲသီးကို ထောက်ခံတဲ့ ငါတို့အဖွဲ့နဲ့ Non-CDM ကို ဝေဖန်တဲ့ ငါတို့အဖွဲ့။ ဂိမ်းဆော့တဲ့ ငါတို့အဖွဲ့နဲ့ ဂိမ်းမ ဆော့တဲ့ ငါတို့အဖွဲ့။ နိုင်ငံခြားကနေ လှမ်းဆူတဲ့ ငါတို့အဖွဲ့နဲ့ နိုင်ငံခြားကနေ ငိုပြတဲ့ ငါတို့အဖွဲ့။ အမေရိကန် သည် နိဗ္ဗာန်မဟုတ်ကြောင်း ပြောတဲ့ ငါတို့အဖွဲ့နဲ့ အင်္ဂလန်မှာ ရေမရှိဘူး ပြောတဲ့ ငါတို့အဖွဲ့။ အဲဒီ ငါတို့အဖွဲ့တွေကို ထိုင်ရယ်နေတဲ့ ငါတို့အဖွဲ့နဲ့ ဒေါသထွက်နေတဲ့ ငါတို့အဖွဲ့ဆိုပြီး စားမကုန်၊ သောက်မကုန်၊ ပြောမကုန်၊ ဆဲမကုန်၊ ဆူမကုန်၊ မကုန်၊ မကုန်၊ မကုန်နိုင်အောင် “ငါတို့”ဆိုတဲ့ အဖွဲ့၊ အဖွဲ့တွေများစွာကို တွေ့လိုက်ရပါတယ်။

ဒီလိုနဲ့ ပြည်တွင်းက ငါတို့က ပြည်ပက ငါတို့ကို ဝေဖန်/ဖောင်းထု။ လွတ်မြောက်က ငါတို့က ပြည်တွင်းက ငါတို့ကို ဝေဖန်/ဖောင်းထု။ ပြည်ပက ငါတို့က လွတ်မြောက်က ငါတို့ကို ဝေဖန်/ဖောင်းထု။ ကမ်းခြေသွားတဲ့ ငါတို့က ဘုရား တက်တဲ့ ငါတို့ကို ဝေဖန်/ဖောင်းထု။ ဘုရားတက်တဲ့ ငါတို့က ဘီယာဆိုင်ထိုင်တဲ့ ငါတို့ကို ဝေဖန်/ဖောင်းထု။ ဘီယာ ဆိုင်ထိုင်သူ ငါတို့က NUG က ငါတို့ကို ဝေဖန်/ဖောင်းထု။ NUG က ငါတို့က NUG က ငါတို့ကို ပြန် ဝေဖန်/ဖောင်း ထုနဲ့ အင်အားအလွန့်အလွန်ကြီးမားလှတဲ့ “ငါတို့”အဖွဲ့ကြီးကို ဖေ့စဘုတ်ဆိုတဲ့ တစ်နေရာတည်းမှာ တစ်ကွဲ တစ်ပြားစီ တွေ့ကြရမှာပါ။

မအလ လက်နက်များတာလောက်တော့ “ဟေ့ … ပျင်းသေးတယ် … ပျင်းသေးတယ် … ပျင်းတောင် … ပျင်းသေး တယ်” ဆိုတာပေါ့။ ငါတို့ရဲ့ အဲဒီ့ “ငါတို့” အဖွဲ့တွေနဲ့ ဖို့သတ်၊ ဖိသတ်ရင်တောင် မအလ အသက်ရှူပေါက်ပျောက်၊ လေဝင်လေထွက် ပြတ်ပြီး သေလောက်ပါတယ်။ ငှက်ကင်တွေ၊ စနိုက်ပါတွေ၊ မမတွေတောင် မလိုလောက်ပါဘူး။

အဲ… “ငါတို့”အကြောင်း ပြောကောင်းကောင်းနဲ့ ပြောလာလိုက်တာ အဓိက “ငါတို့”အဖွဲ့တစ်ဖွဲ့အကြောင်းတောင် မပြောဘဲ ကျော်ခွလာခဲ့မိတယ်။ တခြားဟုတ်ရိုးလား။ ဘုရားတက်လည်း ဆူ၊ ကမ်းခြေသွားလည်း ဆူ၊ အိမ်ထဲနေ တော့လည်း ဆူ၊ အိမ်ပြင်ထွက်တော့လည်း ဆူ၊ ပျော်ပြလည်း ဆူ၊ ဝမ်းနည်းပြလည်း ဆူ၊ ထင်းခွေလည်း ဆူ၊ ရေခပ်လည်း ဆူ၊ ထိုင်လည်း ဆူ၊ ထလည်းဆူ၊ လမ်းလျှောက်လည်း ဆူ၊ အိပ်နေလည်း ဆူ၊ အီးပါလည်းဆူ။ ရှူးပေါက်လည်း ဆူတတ်တဲ့ ကိုကျော်ကျော်ဌေးလွင်ဆိုတဲ့ ငါတို့အဖွဲ့အကြောင်း ပြောဖို့ ကျန်ခဲ့လို့ပါ။

အခုစာကို အဲဒီကိုကျော်ကျော်ဌေးလွင်ရဲ့ ငါတို့အဖွဲ့ထဲကတစ်ယောက် ရေးလိုက်တာပါ။     

 

Delta News

Read Previous

ဖိလစ်ပိုင်မှာ ဆူနာမီကြောက်လို့ ကုန်းတွင်းပိုင်း ဝင်ပြေးသူတွေ မြေပြိုလို့ သေဆုံး 

Read Next

ဒဏ်ရာ အကင်းမသေလို့ ကမ္ဘာ့ဖလားနဲ့ လွဲချော်သွားတဲ့ ပေါ့ဂ်ဘာ