ဖာပွန်အခြေစိုက် ခမရ ၄၃၄ တပ်ရင်းကို KNLA ပူးပေါင်းတပ် သိမ်းပိုက်

Photos – KNU-Mutraw News

ဧပြီ ၊ ၂၆

ကရင်ပြည်နယ် ဖာပွန်အခြေစိုက် ခမရ ၄၃၄ တပ်ရင်းကို ကရင်အမျိုးသားအစည်းအရုံး KNU ပူးပေါင်းတပ်တွေက မနေ့က မနက်အစောပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ KNU မူတြော်(ဖာပွန်)ခရိုင်သတင်းပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

အဲ့ဒီတပ်ရင်းစခန်းကို KNLA၊KNDO ၊PDF၊FFDနဲ့ BPLA တပ်ဖွဲ့တွေပါဝင်တဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက တရက်တည်းအပြီးတိုင်သိမ်းပိုက်လိုက်တာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက် သေဆုံးထိခိုက်မှုနဲ့ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုအခြေအနေ အသေးစိတ်ကိုတော့ ဖော်ပြထားတာမရှိပါဘူး။ လက်နက်ခဲယမ်းအမြောက်အမြားသိမ်းဆည်းရရှိခဲ့ပေမယ့် နယ်မြေမတည်ငြိမ်သေးတာ ကြောင့် အတိအကျကိုရေတွက်ဖော်ပြနိုင်ခြင်းမရှိသေးဘူးလို့ KNU မူတြော်ခရိုင်ထုတ်ပြန်ချက်ကဆိုပါတယ်။

ထုတ်ပြန်ထားတဲ့ မှတ်တမ်းဓာတ်ပုံတွေအရတော့ ဖာပွန် အခြေစိုက် ခမရ ၄၃၄ တပ်ရင်းစခန်းသိမ်းတိုက်ပွဲကနေ လက်နက်ငယ် လေးဆယ်ကျော်၊ လက်နက်ကြီးတချို့နဲ့ခဲယမ်းတွေကိုတော်လှန်ရေးတပ်တွေက ရရှိထားတာ တွေ့ရပါတယ်။

တိုက်ပွဲမှာပါဝင်တိုက်ခိုက်ခဲ့တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ကလည်း ခမရ ၄၃၄ ကိုမဟာ မိတ်တပ်တွေနဲ့အတူ သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

Photos – KNU-Mutraw News

စစ်ကောင်စီရဲ့ ခမရ ၄၃၄ တပ်ရင်းဟာ ဖာပွန်မြို့အနီးမြို့ပြင်မှာရှိတာဖြစ်ပါတယ်။စစ်ကောင်စီအုပ်ချုပ်ရေး ယန္တ ရား လည်ပတ်ပုံအရ ခရိုင်အဆင့်မြို့ဖြစ်တဲ့ ဖာပွန်မှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ အခြေချ စစ်ဗျူဟာ စဗခ(၁)၊ ခြေလျင်တပ်ရင်း ခလရ(၁၉)၊ ခြေမြန်တပ်ရင်း ခမရ(၃၄၀)၊ (၃၄၁)၊ (၄၃၄)တို့ရှိနေတာ ဖြစ် ပါတယ်။

KNU မူတြော်ခရိုင် သတင်းပြန်ကြားရေးဌာနကတော့ ဖာပွန်အခြေစိုက် စဗခ(၁)ရတခ လက်အောက်ခံ တပ်ရင်း စခန်းတွေတည်ရှိရာ မယ်တရိုး၊ဝေမှုံ၊တံခွန်တိုင်နဲ့ ဝေဆာတို့ကြား ဆက်သွယ်ရေးလမ်းတွေအားလုံးကို KNLA ပူးပေါင်းတပ်တွေက ပိတ်ဆို့ဖြတ်တောက်ထားပြီလို့ မတ်လ ၂၄ရက်က ထုတ်ပြန်ခဲ့ပါသေးတယ်။

ဖာပွန်မြို့ကိုတော့တော်လှန်ရေးတပ်တွေက မတ်လ တတိယပတ်လောက်ကတည်းက ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး အဲ့ဒီလကုန်ပိုင်းမှာ မြို့တွင်းကစစ်ကောင်စီတပ်တွေ မြို့ကိုစွန့်ခွာထွက်ပြေးသွားတာကြောင့်တော်လှန်ရေး တပ် တွေက ထိန်းချုပ်ထားတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က DNAကို မတ်လကုန်ပိုင်းမှာပြောထားပါတယ်။

လက်ရှိ တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ် ဖွဲ့ဝင်အားလုံးက ဖာပွန်မြို့နဲ့ သုံးမိုင်အကွာမှာ ရှိတဲ့ စဗခ(၁)ဗျူဟာကုန်းကို သွားရောက်ပူးပေါင်းနေကြတယ်လို့ လည်းသိရပါတယ်။