ကျောက်ကြီးစပ်လဲရွာ ဒေသခံတစ်ဦးသေဆုံးပြီး ကလေးငယ်တွေ ဒဏ်ရာရခဲ့တယ်လို့ KNU ထုတ်ပြန်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း အာဏာသိမ်းအကြမ်းဖက် စစ်တပ်ရဲ့ ခမရ-၃၅၁၊ ခလရ-၆၀ ပူးပေါင်းတပ်တို့မှ စပ်လဲကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
အဆိုပါပစ်ခတ်မှုကြောင့် စပ်လဲကျေးရွာရှိ ပြည်သူလူထုတစ်ဦး ထိမှန်သေဆုံးခဲ့ပြီး ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ကထုတ်ပြန်ပါတယ်။
ဒါ့အပြင်ကျေးရွာပြည်သူလူထုရဲ့ နေအိမ်နှစ်လုံးလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။ မနေ့က ဇူလိုင်လ ၁၄ ရက်နေ့ ညနေအချိန်မှာကျောက်ကြီးမြို့မာလာဦးဂိတ်နှင့် ဆင်မတောင်မှ စပ်လဲကျေးရွာ အတွင်းကို ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။
လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ ပြည်သူမှာ အသက်(၄၀)နှစ်ရှိသူ စောရှီးမေဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ကလေးငယ်နှစ်ဦးမှာ အသက်(၁၂)နှစ်အရွယ်ရှိ နော်ထီးဆဲခူနဲ့(၆)လအရွယ် စောထီးဖိုးကလိုးတို့ ဖြစ်ကြကာ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ကလေးတို့မှာ သားအဖတွေ လို့ဆိုပါတယ်။
ဒါ့အပြင်ကျောက်စရစ်ကျေးရွာအုပ်စု၊ သောင်ပုကျေးရွာအနီးမှာ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ် ခမရ-၃၅၀၊ ခမရ-၆၀၃ နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း(၉)တို့ အကြား ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားမှုအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်ဘက်က ထိခိုက်ကျရှုံးမှု မရှိသော်လည်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီဘက်မှ ထိခိုက်ကျရှုံးမှုကို ​တော့အတည်ပြုလို့ မရသေးဘူးလို့ ဆိုပါတယ်။
ကျောက်ကြီးမြို့နယ် မူသယ်ကျေးရွာအနီမှာလည်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ခလရ-၇၅နဲ့ ကရင့်အမျိုးသားကာကွယ်ရေးတပ်မတော်(KNDO) တို့နဲ့ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ တပ်ကြပ်ကြီးအဆင့်ရှိသူ တစ်ဦး ကျဆုံးခဲ့ပြီး ကရင့်အမျိုးသားကာကွယ်ရေးတပ်မတော်(KNDO) ဘက်မှာတော့ ထိခိုက်ကျဆုံးမှု မရှိကြောင်းထုတ်ပြန်ထားပါတယ်။