ရခိုင်က စစ်ကောင်စီ ထိန်းချုပ်ပိတ်ဆို့ထားတဲ့ မြို့တွေမှာ စားနပ်ရိက္ခာရှားပါးလာ

Photo – နိရဥ္စရာ

 

ဧပြီ၊ ၂၆

ရခိုင်ပြည်နယ်အတွင်းက စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီး အဝင်အထွက်ပိတ်ပင်ကန့်သတ်ခံ ထား ရတဲ့ မြို့တွေမှာ အခြေခံစားသောက်ကုန်တွေစျေးအဆမတန်မြင့်တက်နေပြီး အလွယ်တကူဝယ်မရလို့ အခက် တွေ့နေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မြို့တော် စစ်တွေ၊ ကျောက်ဖြူနဲ့ အမ်းမြို့တို့ကို အဝင်အထွက်လုံး၀ပိတ်ထားပြီး ဆန်၊ ဆီ၊ ဆား စတဲ့အခြေခံစားသောက်ကုန်တွေအပါအဝင် ကုန်စည်အားလုံးကို တင်သွင်း၊ သယ်ယူခွင့် ကန့် သတ်ထားတာပါ။

“မြို့ထဲကို ဟင်း၊ ငါး ရောင်းဖို့လည်း မလာကြရ၊ မြို့ထဲကနေလည်း အပြင်ကို မထွက်ကြရဘူး၊ စစ်တပ်က တမြို့ လုံးကို ဓါးစာခံလုပ်ပြီး လှောင်ထားတယ်၊ ဆန်တွေ ပြတ်တော့မယ်၊ တအားစျေးကြီးနေတယ်၊ ဝယ်မစားနိုင်လို့ ငတ်သေကြတဲ့မိသားစုတွေတောင် ရှိနေတယ်”လို့ အမ်းမြို့ခံတဦးက ပြောပါတယ်။

လက်ရှိအမ်းမြို့မှာ ဆန်တအိတ်ကို နှစ်သိန်းခွဲကျော်ထိ စျေးရှိနေပြီး သားငါး၊ ဟင်းသီးဟင်းရွက်တွေလည်း ရှားပါးနေတယ်လို့ ဆိုကြပါတယ်။

ဒါ့အပြင် စစ်တွေနဲ့ ကျောက်ဖြူမြို့တို့မှာလည်း ဆန်တအိတ်ကို နှစ်သိန်းဝန်းကျင်ကနေ နှစ်သိန်းခွဲလောက်အထိ ရှိ နေပြီး ကြက်ဥတလုံးကို တထောင်၊ အသားတပိဿာကို ငါးသောင်းနီးပါး၊ ဓါတ်ဆီတလီတာကို နှစ်သောင်းခွဲ အ ထိ စျေးတက်နေတယ်လို့ ပြောကြပါတယ်။

“စျေးတက်တာမပြောနဲ့ ဝယ်လို့တောင် မရဘူး၊ သားငါးတွေ အဓိကရှားတယ်၊ ငါးမဖမ်းရဘူး၊ ထွက်ဖမ်းလို့ရှိရင် စစ်တပ်က ဖမ်းချုပ်ထားတယ်” လို့ ကျောက်ဖြူမြို့ခံတဦးက ပြောပါတယ်။

ငါးဖမ်းလုပ်ငန်းကို အဓိကထားလုပ်ကိုင်အသက်မွေးကြတဲ့ကျောက်ဖြူ ဒေသခံတွေဟာ ငါးထွက်မဖမ်းရ တာ ကြောင့် ဝင်ငွေမရှိဖြစ်နေပြီး ထမင်းနပ်မှန်အောင်မစားရတဲ့မိသားစုတွေ အများအပြားတွေ့နေရတယ်လို့ လူမှုကူညီရေးဆောင်ရွက်နေတဲ့မြို့ခံတွေက ပြောကြပါတယ်။

“ငတ်တဲ့သူတွေ ရှိနေပြီ၊ တရက်လုံး ချက်စရာဆန်မရှိတဲ့သူတွေ ရပ်ကွက်တိုင်းမှာ တွေ့ရတယ်၊ ကျောက်ဖြူက ရေပတ်လည်မှာရှိတာ၊ ငါးမဖမ်းရ၊ မြို့ပြင်မထွက်ရရင် ဘာမှ လုပ်စားလို့မရဘူး”လို့ အဆိုပါကျောက်ဖြူမြို့ခံက ပြောပါတယ်။

အဲဒီလိုစားရေးသောက်ရေးအခက်အခဲတွေကြောင့် မြို့အပြင် ထွက်ခွာတိမ်းရှောင်ကြမယ်ဆိုရင်လည်း စစ်ကောင် စီတပ်က ဟန့်တား၊ ပိတ်ပင်ထားတာမို့ မထွက်ခွာနိုင်ကြဘူးလို့လည်း ဆိုကြပါတယ်။

အမ်း၊ ကျောက်ဖြူ၊ စစ်တွေ စတဲ့မြို့တွေရဲ့ပတ်လည်မှာ စစ်ကောင်စီက ဂိတ်တွေဖွင့်ပြီး သွားလာခွင့် လုံး၀ ပိတ် ပင်ထားတာဖြစ်ကာ စစ်တွေမြို့ပတ်လည် ရေကြောင်းထွက်ပေါက်တွေမှာဆိုရင် မြေမြှပ်မိုင်းတွေပါ ထောင်ထားတယ်လို့ ပြောကြပါတယ်။

“ဆတ်ရိုးကျချောင်းကနေ ဟိုးဖက်အထိ တပတ်မိုင်းထောင်ထားတယ်၊ ထွက်ပြေးလို့ တွေ့ရင် လိုက်ပစ်တယ်၊ ဖမ်းတယ်၊ အဲလိုပစ်လို့ ပြေးကြတုန်း မိုင်းထိပြီး သေတဲ့သူတွေလည်း ရှိတယ်”လို့ စစ်တွေမြို့ကနေ ထွက်ပြေး တိမ်းရှောင်လာသူတဦးက ပြောပါတယ်။

အလားတူပဲ ကျောက်ဖြူမြို့မှာလည်း မြို့ပတ်လည် ဆိပ်ကမ်းတွေနဲ့ ကားလမ်းထွက်ပေါက်တွေမှာ စစ်ကောင်စီ တပ်သားတွေနဲ့ စစ်ကောင်စီက စစ်သင်တန်းပေးလက်နက်တပ်ဆင်ထားတဲ့ရိုဟင်ဂျာတွေ အထိုင်ချကာ ဟန့်တား နေတယ်လို့ ဆိုပါတယ်။

“မြို့ကထွက်ချင်ရင် လူတယောက်ကို ငါးသောင်း၊ တသိန်းပေးရတယ်၊ ပိုက်ဆံမတတ်နိုင်၊ ငတ်နေတဲ့သူတွေမှာ ဘယ်ကပိုက်ဆံနဲ့ ပေးပြီးပြေးရမလဲ၊ အသေခံပြီး နေနေကြရတာ”လို့ ကျောက်ဖြူဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ အဲဒီလိုမြို့တွေကို ပိတ်ဆို့ပြီး သွားလာခွင့်တွေ ကန့်သတ်နေတာဟာ ပြည်သူတွေ အငတ် ဘေးဆိုက်အောင် တမင်ရည်ရွယ်လုပ်နေတာဖြစ်ပြီး လူ့အခွင့်အရေးနဲ့ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်နေ တာဖြစ်နေတယ်လို့ ထောက်ပြကြပါတယ်။

“ငတ်မွတ်သွားလောက်အောင်ထိ လုပ်နေတာဟာ လူမျိုးတုန်းသတ်ဖြတ်မှု Genocide ဖြစ်အောင်ထိ လုပ်နေ တယ်လို့တောင် ပြောလို့ရတယ်”လို့ ကျောက်ဖြူမြို့နယ်က လူမှုကူညီရေးဆောင်ရွက်နေသူတဦးက ဝေဖန် ပါတယ်။

အာရက္ခတပ်တော်(AA)တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ စစ်တွေ၊ ကျောက်ဖြူတို့လို စစ်ကောင်စီ ထိန်း ချုပ်နယ်မြေမှာ ပိတ်မိနေသူတွေအနေနဲ့ အဆင်ပြေရင်ပြေသလို နည်းလမ်းအမျိုးမျိုးနဲ့ မြို့ကိုစွန့်ခွာပြီး လွတ် မြောက်နယ်မြေတွေဆီ လာရောက်ခိုလှုံကြဖို့၊ အဆုံးသတ်တိုက်ပွဲအတွက် ပြင်ဆင်ကြဖို့ တိုက်တွန်းထားပါတယ်။

AA ဟာ တိုက်ပွဲကာလငါးလကျော်အတွင်း ရခိုင်ပြည်နယ် ရသေ့တောင်၊ ပုဏ္ဏာကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ရခိုင် ဒေသတခုလုံးကို သိမ်းပိုက်နိုင်ရေး ဆက်လက်တိုက်ခိုက်သွားမယ်လို့ ကြွေးကြော်ထားပါတယ်။

လက်ရှိမှာလည်း ဘူးသီးတောင်၊ မောင်တောနဲ့ အမ်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်၊ တပ်စခန်း တွေကို တိုက်ခိုက်နေပြီး တောင်ကုတ်၊ သံတွမြို့နယ်တို့မှာပါ တိုက်ပွဲအချို့ ရှိနေပါတယ်။