မြန်မာစစ်တပ်ရဲ့ ရည်ရွယ်ချက်ရှိရှိ ကျုးလွန်ခဲ့တဲ့ အချက်တွေကို ICJ တရားသူကြီး ထောက်ပြ

၂၀၁၇ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေမှာ ရိုဟင်ဂျာတွေကို ရည်ရွယ်ချက်ရှိရှိ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး ၁၀,၀၀၀ ခန့် သေဆုံးခဲ့တယ်ဆိုတဲ့ ခန့်မှန်းချက်ဟာ သက်သေတွေအရ ခိုင်လုံတယ်လို့ ဆိုပါတယ်။

၁၉ ၊ နိုဝင်ဘာ

နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဒီနေ့ ပြုလုပ်နေတဲ့ အမှုစီရင်ချက် ဖတ်ကြားပွဲမှာ ၂၀၁၇ ရခိုင်စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာ ၁၀,၀၀၀ ခန့် သတ်ဖြတ်ခံရမှုနဲ့ ရိုဟင်ဂျာ ၇၀၀,၀၀၀ ကျော် အတင်းအဓမ္မ ထွက်ပြေးခဲ့ရတဲ့ ဖြစ်စဉ်တွေဟာ လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေးစာချုပ်ပါ အချက်တွေနဲ့ ကိုက်ညီကြောင်း ICJ ဥက္ကဋ္ဌ တရားသူကြီး ယူဂျီ အီဝါဆာဝါက ဖတ်ကြားအတည်ပြုလိုက်ပါတယ်။

ရိုဟင်ဂျာတွေဟာ စာချုပ်အရ အကာအကွယ်ပေးခံရမယ့် အုပ်စုဖြစ်ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပြီး မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ ကျူးလွန်မှုတွေကြောင့် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ ထိခိုက်စေမှု ရှိ၊ မရှိ ဥပဒေကြောင်းအရ အတည်ပြုလာတာ ဖြစ်ပါတယ်။

တရားသူကြီး ယူဂျီ အီဝါဆာဝါရဲ့ ဖတ်ကြားချက်အရ ၂၀၁၇ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေအတွင်း ရိုဟင်ဂျာတွေကို ရည်ရွယ်ချက်ရှိရှိ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး ၁၀,၀၀၀ ခန့် သေဆုံးခဲ့တယ်ဆိုတဲ့ ခန့်မှန်းချက်ဟာ သက်သေတွေအရ ခိုင်လုံတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အုပ်စုဝင်တွေကို သတ်ဖြတ်တဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့ကြောင်း တရားရုံးက လက်ခံထားပါတယ်။

ဒါ့အပြင် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ လုပ်ရပ်တွေကြောင့် ကိုယ်ထိလက်ရောက် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့သလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ နေအိမ်နဲ့ ကျေးရွာတွေ မီးရှို့ခံရမှုတွေ၊ မိသားစု သေကွဲရှင်ကွဲ ဖြစ်ရမှုတွေနဲ့ လူ ၇၀၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ရတာတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်စေကြောင်း တရားရုံးက ဆုံးဖြတ်ပါတယ်။

ကျေးရွာတွေကို ဘူဒိုဇာနဲ့ ထိုးဖျက်ပြီး အခြားအဆောက်အအုံတွေ အစားထိုးထားတဲ့အတွက် နေရပ်ပြန်ဖို့ အခွင့်အလမ်း နည်းပါးနေတာကိုလည်း တရားရုံးက ထည့်သွင်းသုံးသပ်ထားပါတယ်။

ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ ကိုယ်ပိုင်လက္ခဏာတွေအရ ရိုဟင်ဂျာတွေဟာ စာချုပ်အရ အကာအကွယ်ပေးခံရမယ်လို့ တရားရုံးက အတည်ပြုပါတယ်။ လူမျိုးစုတစ်ခုလုံး ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်းကို ဖျက်ဆီးလိုတဲ့ အထူးရည်ရွယ်ချက်ဟာ ရုပ်ပိုင်း ဒါမှမဟုတ် ဇီဝဗေဒဆိုင်ရာ ဖျက်ဆီးမှုကို ရည်ညွှန်းပေမဲ့ လူမျိုးစုအဖြစ် ဆက်လက်ရပ်တည်နိုင်စွမ်းကို ထိခိုက်စေတဲ့ လုပ်ရပ်တွေလည်း ပါဝင်နိုင်ကြောင်း ဥပဒေပိုင်းကို ရှင်းလင်းဖတ်ကြားခဲ့ပါတယ်။

အခုလက်ရှိ တရားခွင်မှာတော့ တရားသူကြီး ယူဂျီ အီဝါဆာဝါက ကျန်ရှိတဲ့ စွပ်စွဲချက်တွေအပေါ် ဥပဒေကြောင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေနဲ့ နောက်ဆုံး အပြီးသတ် အမိန့်ပိုင်းကို ဆက်လက် ဖတ်ကြားနေဆဲ ဖြစ်ပါတယ်။