ကိုဗစ်ကာကွယ်ဆေး Covishieldက ရှားပါးပေမယ့် ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်ကြောင်း ကုမ္ပဏီဝန်ခံ

ဧပြီ ၊ ၃၀

ဗြိတိန် ဆေးဝါးကုမ္ပဏီကြီး AstraZenecaက ကုမ္ပဏီထုတ် ကိုဗစ်ကာကွယ်ဆေးဟာ ဖြစ်တောင့်ဖြစ်ခဲ ဆိုပေမယ့် ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတခု ကြုံတွေ့စေနိုင်တယ်လို့ ဝန်ခံခဲ့ပါတယ်။

AstraZenecaနဲ့ အောက်စ်ဖို့ဒ် တက္ကသိုလ်တို့ ပူးပေါင်း သုတေသနပြု တီထွင်ပြီး အိန္ဒိယရဲ့ Serum Instituteက ထုတ်လုပ်ပေးခဲ့တဲ့ Covishieldဟာ ကပ်ရောဂါ ကြီးစိုးတဲ့ ကာလတွေအတွင်း လူ့အသက်ပေါင်း များစွာကို ကယ်တင်နိုင်ခဲ့တဲ့ ကိုဗစ် ကာကွယ်ဆေးတွေထဲက တခုအဖြစ် အသိအမှတ်ပြု ခံခဲ့ရပါတယ်။ အိန္ဒိယ အပါအဝင် ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ အဲဒီဆေးကို ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံပေးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အခုအခါမှာတော့ AstraZenecaဟာ ဗြိတိန်မှာ ကာကွယ်ဆေးကြောင့် ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုး ခံစားရကြောင်း တိုင်ကြားမှု ၅၁ ခုအတွက် တရားရင်ဆိုင်ရမယ့် အခြေအနေ ဖြစ်နေပြီး နစ်နာကြေး စတာလင်ပေါင် သန်းရာနဲ့ချီ ပေးရမယ့် အနေအထားမျိုး ကြုံနေရပါတယ်။

ကုမ္ပဏီက Covishield ထိုးနှံတဲ့အခါ အရမ်းရှားပါးတဲ့ အခြေအနေအဖြစ် သွေးခဲမှုတွေ မူမမှန် ဖြစ်စေတဲ့ ဘေးထွက်ဆိုးကျိုးမျိုး ကြုံရနိုင်တာကို ဝန်ခံခဲ့ပါတယ်။

အဲဒီလို ဖြစ်စဉ်မျိုးကို ၂၀၂၁ ခုနှစ်၊ ဧပြီလတုန်းက ဗြိတိန်နိုင်ငံသား ဂျေမီစကော့က ကာကွယ်ဆေး ထိုးပြီးတဲ့အချိန် စတင် ခံစားခဲ့ရတဲ့အတွက် ပထမဆုံး တိုင်ကြားခဲ့ပါတယ်။ အကျိုးဆက်အဖြစ် သူ့ဦးနှောက်ထဲမှာ သွေးခဲသွားပြီး သေရာပါ ထိခိုက်မှု ဖြစ်သွားစေတဲ့အတွက် ပုံမှန် အလုပ်လုပ်နိုင်စွမ်း မရှိတော့ဘူးလို့ စကော့က ပြောပါတယ်။ အခြေအနေက ဘယ်လောက်တောင် ဆိုးသွားခဲ့သလဲဆိုရင် ဆရာဝန်တွေက သူသေသွားနိုင်တယ်လို့ ဇနီးဖြစ်သူကို ၃ ကြိမ်တောင် ပြောခဲ့တယ်လို့ စကော့က ဆိုပါတယ်။

အခုအခြေအနေရဲ့ နောက်ဆက်တွဲအဖြစ် AstraZenecaဟာ နစ်နာသူတွေရဲ့ တရားစွဲဆိုမှုတွေကို ရင်ဆိုင်ရဖွယ်ရှိပြီး ကျေအေးဖို့ဆိုရင် ကြီးမားတဲ့ ငွေပမာဏမျိုးနဲ့ ကမ်းလှမ်းရမယ့် သဘောမျိုး ဖြစ်နေပါတယ်။ AstraZenecaက နောက်ဆက်တွဲ ကိစ္စတွေနဲ့ ပတ်သက်လို့တော့ ဘာမှတ်ချက်မှ မပေးသေးဘဲ နှုတ်ဆိတက်နေပါတယ်။

Ref: Madhyamam