စစ်မှုထမ်းဟောင်းတွေ ပြန်လည် အသုံးချတာ အလုပ်ဖြစ်နိုင်မလား

 

ဧပြီ ၊ ၃၀

အာဏာသိမ်းပြီးနောက်ပိုင်း လူအင်အား သိသိသာသာ လျော့နည်းလာတဲ့ စစ်ကောင်စီတပ်ဟာ အသက်အရွယ်ကြီးရင့်လို့ အနားယူထားရတဲ့ စစ်မှုထမ်းဟောင်းတွေကို စစ်တပ်အတွင်း ပြန်လည် ခေါ်ယူနိုင်ဖို့အတွက် အရန်တပ်ဖွဲ့ ဥပဒေကို အသက်သွင်းပြီးနောက် မဖြစ်မနေ စစ်တပ်ထဲ ပြန်သွင်းမဲ့  ပုံစံတွေကို လုပ်ဆောင်လာတာတွေ့ရပါတယ်။

စစ်တပ်ထဲ ဝင်ရောက်မယ် လူငယ် လူရွယ်တွေ မရှိသလောက် နည်းပါးလာတဲ့အပြင် ရှမ်းမြောက်နဲ့ ရခိုင်ပြည်နယ်စစ်မျက်နှာတွေမှာ တပ်ရင်းလိုက်လက်နက်ချတာအပြင် အကျအဆုံးများခဲ့တဲ့ စစ်ကောင်စီတပ်ဟာ တပ်သားအသစ် စုဆောင်းနိုင်ဖို့ ရနိုင်သမျှနည်းလမ်းနဲ့ ကြိုးပမ်းဆောင်ရွက်နေတာဖြစ်ပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီတပ်ဟာ စစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်မှာ အသက်သွင်းလိုက်ပြီးနောက် ဆက်တိုက်ဆိုသလို ၁၃ ရက်မှာ အရန်တပ်ဖွဲ့ ဥပဒေကို ပြန်အသက်သွင်းလိုက်ပါတယ်။

စစ်ကောင်စီက ပြန်လည် အတည်ပြုပြဌာန်းလိုက်တဲ့ အရန်တပ်ဖွဲ့ဥပဒေအရ စစ်မှုထမ်း ဟောင်းတွေကို  အချိန်မရွေး ပြန်လည် စစ်မှုထမ်းရန်အတွက် ဆင့်ခေါ်နိုင်မှာဖြစ်တယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၂ ရက်နေ့က ကာကွယ်ရေး ဦးစီးချူပ်ရုံး(ကြည်း)လျှို့ဝှက် အမည်တပ်ထားတဲ့ ညွှန်ကြားချက်တစောင် ပေါက်ကြားလာခဲ့ပြီး အဲဒီအထဲမှာ တပ်မတော်(ကြည်း၊ရေ၊လေ) မှ မ်ိမိ ဆန္ဒအလျောက် နှုတ်ထွက်ထားသူတွေ အသက် ၆၇ နှစ် ထက်မကျော်လွန်ဘဲ အငြိမ်းစားယူထားပြီး ကိုယ်လက်အဂါင်္မချွတ်ယွင်းသေးတဲ့ စစ်မှုထမ်းဟောင်းတွေကို အရန်တပ်ဖွဲ့အဖြစ် ပြန်လည် စစ်မှုထမ်းရမယ့် ဆိုထားပါတယ်။

ဒါ့အပြင် အဲဒီညွှန်ကြားစာထဲမှာ စစ်မှုထမ်းရန် အတွက်ပြန်လည် ဆင့်ခေါ်တဲ့ အကြောင်းကြားစာရပြီး သတင်းပြန်လည် မပေးပို့တဲ့ စစ်မှုထမ်းဟောင်းတွေကို လက်ရှိ ခံစားနေရတဲ့ အငြိမ်းစား ပင်စင် အကျိုးခံစားခွင့်တွေကို ဆိုင်းငံ့သွားမယ်လို့ ဖိအားပေးခြိမ်းခြောက်ထားတာကိုလည်းတွေ့ရပါတယ်။

အရန်တပ်ဖွဲ့ဝင်တဦးရဲ့ စစ်မှုထမ်းကာလကို အနည်းဆုံးအချိန်ပြည့် သုံးနှစ် သတ်မှတ်ထားပြီး ဆက်လက်တာဝန်ထမ်းဆောင်လိုပါက တကြိမ်ဆန္ဒပြုခဲ့ရင် တနှစ်နှုန်းနဲ့ ငါးကြိမ် တိုင်တိုင် ဆန္ဒပြု တာဝန်ထမ်းဆောင်နိုင်တယ်လို့ ဆိုထားပါတယ်။

အလားတူပဲ အငြိမ်စား စစ်မှုထမ်းဟောင်းတဦးက အသက် ၅၅ နှစ်အောက် ဖြစ်နေပါက လှုပ်ရှားစစ်ဆင်ရေး တာဝန်၊ ၅၅ နှစ်ကနေ ၆၇ နှစ်အထိ ဖြစ်နေပါကာ တပ်ဌာနချူပ်နဲ့ စစ်ဆင်ရေး ခြေကုပ်စခန်းတွေမှ လုံခြုံရေး တာဝန်ယူရမယ့်လို ဆိုထားပါတယ်။

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) မှာ ပါဝင်ခဲ့တဲ့ ဗိုလ်ကြီးလင်းထက်အောင်ကတော့ စစ်ကောင်စီတပ်အနေနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း စစ်မျက်နှာတွေနဲ့ ရင်ဆိုင်လာရချိန်မှာ အတွေ့အကြုံနဲ့ တိုက်ပွဲကို ဦးဆောင်နိုင်မယ် စစ်သားတွေ နည်းပါးလာတဲ့အတွက် အခုလို စစ်မှုထမ်းဟောင်းတွေကို ပြန်လည် အသုံးချဖို့ လုပ်လာတာလို့ သုံးသပ်ပါတယ်။

“ စစ်မှုထမ်းဟောင်းတွေကို ပြန်သုံးမယ်ဆိုတဲ့ ကြေညာချက်တွေကို တွေ့ရတယ်ပေါ့နော် ။ သူတို့ဘာကြောင့် ဒါကို သုံးတာလည်းပြောရင် စစ်တပ်အတွင်းမှာ မြေပြင်မှာဦးဆောင်နိုင်တဲ့ စစ်သားတွေ မရှိသလောက်ကို ရှားသွားတယ် ပြောလိုရတယ်။ အဓိကဘာလည်းဆိုတော့ တိုက်ပွဲအတွေ့အကြုံတွေ ၊ တခြားသော အောက်ခြေနိုင်နိုင် နင်းနင်း အုပ်ချူပ်နိုင်တာတွေ စစ်မြေပြင်မှာ ဦးဆောင်နိုင်တဲ့ စစ်သားတွေ မရှိတော့ဘူးလို့ ပြောလိုရတယ်။ တိုက်ပွဲအတွေ့အကြုံနဲ့ တခြားဟုတ်စာပေါ့နော် ဒါတွေကို သူတို့ စစ်မြေပြင်မှာ သူတို့စစ်တပ်ထဲမှာ ပြန်အသုံးချချင်ပုံရတယ် ။အခုစစ်တပ်ထဲမှာလည်း အုပ်ချူပ်ပုံက ဖရိုဖရဲတွေဖြစ်နေတယ်။ အုပ်ချူပ်မှု အမိန့်ပေးမှုပေါင်းစုံပေါေ့နာ်။နဂိုတုန်းကသူတို့ ထိမှာအသုံးချခဲ့တဲ့စစ်တပ်ဟောင်းတွေက သူတို့စစ်တပ်အတွက် ပြန်အသုံးဝင်နိုင်မယ်ဆိုတဲ့ စဉ်းစားဆုံးဖြတ်ချက် တခုက ရှိသွားပြီးလို့ ပြောလိုရတယ် ”

စစ်ကောင်စီအနေနဲ့ စစ်အင်အား လျော့နည်းမှုကို ပြန်လည် ဖြည့်တင်းနိုင်ဖို့အတွက် အခုလို နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းအားထုတ်တာနေတာတွေက တပ်အတွင်း ဖရိုဖရဲ နိုင်နေမှုကို ပြသနေတာဖြစ်သလို လက်တွေ့မှာ အသုံးတည့်နိုင်မှာလည်း မဟုတ်ဘူးလို့ သူကဆိုပါတယ်။

၀ါ့ရင်နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်မှုထမ်းဟောင်းတွေနဲ့ ပက်သက်ပြီး စစ်ကောင်စီက တကယ်လက်တွေ့ အလုပ်ဖြစ်တယ် မဖြစ်ဘူးဆိုတာထက် လိုအပ်နေတဲ့ ရှေ့တန်းနဲ့ နောက်တန်းက လူအင်အားကို ဖြည့်တင်းနိုင်ဖို့ အသက်အရွယ်ကြီးမားသူတွေကို မသေမချင်းခိုင်းဖို့ လုပ်ဆောင်လာတာလို့ ဝေဖန်ပါတယ်။

“ စစ်တပ်ရဲ့ အင်အားလျော့နည်းမှုလိုအပ်ချက်က ရှေ့တန်းစစ်မျက်နှာမှာတင်မဟုတ်ဘဲ နောက်တန်းမှာပါ လိုအပ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ နောက်တန်းမှာ ဝန်ထမ်းလုပ်ငန်းတွေ တပ်ဝန်ထမ်းအဖွဲ့အစည်းတွေဆိုတာ လိုအပ်နေတာပေါ့။ ဝန်ထမ်းတပ်ထဲက အင်အားတော်တော်များများကို ထုတ်နုပ်ပြီးရှေ့တန်းမှာ သုံးနေရတဲ့အတွက် အဲဒါတွေပါ လိုအပ်လာတယ်။ ဒါကြောင့် အဲလိုအပ်ချက် ဖြည့်ဆည်းဖိုဆိုရင်တော့ လူငယ်တွေလောက်နဲ့တော့ သူက မဖြစ်ဘူးပေါ့။ အဲဒီအခါကျတော့ အသက်ခြောက်ဆယ်ကျော်တဲ့ စစ်မှုထမ်းဟောင်းတွေကို ပါပြန်ခေါ်နေရတဲ့အခြေအနေပေါ့ဗျ ။ဒီခြေနေက သူတပ်ထဲမှာ ဘယ်လောက်အထိ အင်အားလျော့ပါးပြီး ဖွဲ့စည်းပုံပျက်နေတယ်ဆိုတာကို ဖော်ပြနေတာအဓိပ္ပာယ်ကျနော်ကတော့ မြင်ပါတယ် ”

အရန်တပ်ဖွဲ့ ဥပဒေကို မလိုက်နာတဲ့ ပင်စင်စား စစ်မှုထမ်းဟောင်းတွေကို ပင်စင်လစာ မပေးတဲ့အထိ လုပ်ဆောင်လာတာတွေ့ရတဲ့အတွက် စစ်တပ်ရဲ့ ဖွဲ့စည်းပုံ ကြီးကြီးမားမား ပျက်ယွင်းနေတာကိုတွေ့နိုင်တယ်လို့ သူကဆိုပါတယ်။

စစ်ကောင်စီခေါ်ယူမယ့် စစ်မှုထမ်းဟောင်းတွေဟာ ရာနှုန်းပြည့်အသုံးတည့်မယ့်အနေအထားမရှိဘူးလို့ CDM ဗိုလ်ကြီးလင်းထက်အောင်က အခုလိုပြောပါတယ်။

“ နောက်တခုက အင်အားအတွက်ပေါ့နော် ။အင်အားအတွက်လည်း အခုချိန်မှာ သူတို့ ရတဲ့နေရာက ရသလို စုဆောင်းမယ်ဆိုတဲ့ သုံးသပ်ချက်အမြင်တွေကြောင့် စစ်မှုထမ်းဟောင်းတွေကို ပြန်သုံးတယ်ဆိုတဲ့ ဖြစ်နိုင်ခြေရှိတယ်ထင်တယ်။ ဒီစစ်မှုထမ်းဟောင်းတွေက စစ်တပ်အတွက် အသုံးတည့်နိုင်မလားဆိုတော့ တရာ  ရာခိုင်နှုန်းတော့ အသုံးတည့် နိုင်မယ်အနေအထားတော့ မရှိဘူးဗျ ။ဘာလို့လည်းဆိုတော့ အခုချိန်စစ်တပ်ရဲ့ ဖြစ်ပျက်နေတဲ့ ဖရိုဖရဲနိုင်မှုတွေက စစ်တပ်ရဲ့ သမ်ိုင်းတလျှောက် တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်နေတဲ့အရာတွေလို ပြောလိုရတယ် ။ခေါင်းဆောင်တွေ အခုထိ အထိုင်မကျသေးတာ ၊စစ်နည်းဗျူဟာ မဟာဗျူဟာတွေနဲ့ ပက်သက်ပြီး အားနည်းလာတာတွေက အတော်ဆိုးလာတယ်။ ဘယ်လိုပုံစံနဲ့ ဖြည့်တင်း ဖြည့်တင်း ဒါက အဆင်ပြေနိုင်မယ် အနေအထား အသုံးတည့် မဲ့အနေအထားမဟုတ်ဘူးလို ထင်တယ် ။စစ်မှုထမ်းဟောင်းသည် နဂိုကတည်းက တော်လှန်ရေး စကတည်း ကပြောခဲ့တယ်။ စစ်မှုထမ်းဟောင်းတွေကို သူတို့ပြန်အသုံးချမယ်ဆိုတာ အခုလက်တွေ့မှာ တကယ်ဖြစ်လာတယ်။ ဒါတွေက လက်ရှိ မြေပြင်မှာ လိုအပ်နေတဲ့ ခေါင်းဆောင်မှု အတွေ့အကြုံ တခြားဟာတွေနဲ့ အသုံးချဖို့ တွေးတောစဉ်းစားတာဖြစ်တယ် ”

စစ်မှုထမ်းဟောင်းတွေကို ရုံးပိုင်းဆိုင်ရာနဲ့ စစ်မြေပြင်မှာ ဘယ်လိုနေရာမှာပဲ အသုံးချချ အသုံးတည့်နိိုင်မယ် ရာခိုင်နှုန်းက နည်းပါးလိမ့်မယ်လို့ သူကသုုံးသပ်ပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီဟာစစ်မှုထမ်းဥပဒေကို အတင်းအကျပ််ပြဌာန်းခဲ့ပြီး အသက် ၁၈ နှစ်ပြည့်ပြီး  လူငယ်၊ လူရွယ်ကိုတွေကို တိုင်းနဲ့ပြည်နယ်အလိုက် အတင်းဆင့်ခေါ်ကာ စစ်တပ်အတွင်း လူအင်အားဖြည့်တင်းမှုတွေကို လုပ်ဆောင်ထားပါတယ်။