တရုတ်မှာ အိမ်မွေးကြောင်လေးတကောင်ကြောင့် တိုက်ခန်းတခုလုံး မတော်တဆ မီးလောင်

ဧပြီ၊ ၂၉

တရုတ်နိုင်ငံက ကြောင်ချစ်သူ အမျိုးသမီး တဦးဟာ သူ့ကြောင်ကြောင့် မီးမတော်တဆမှုဖြစ်ပြီး တိုက်ခန်းတခုလုံးနီးပါး ပျက်စီးသွားတဲ့ အကြောင်းကို လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ မျှဝေခဲ့ပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ဆီချွမ်ဒေသမှာ နေထိုင်တဲ့ ဒန်ဒန်းဆိုတဲ့ အမျိုးသမီးက ဧပြီ ၄ ရက်နေ့မှာ သူ့တိုက်ခန်း မြေရှင်က ဖုန်းဆက်ပြီး တိုက်ခန်းမီးလောင်တဲ့ ကိစ္စကို အကြောင်းခဲ့ကြောင်း ပြောပြပါတယ်။ သူလည်း တိုက်ခန်းဆီ ကတိုက်ကရိုက် ပြန်သွားပြီး စစ်ဆေးကြည့်တဲ့အခါ တိုက်ခန်းတခုလုံးနီးပါး မီးလောင် ပျက်စီးနေပြီး အဆုံးအရှုံးပမာဏ ယွမ် ၁ သိန်းလောက်ထိ များပြားခဲ့တယ်လို့ အမျိုးသမီးက ဆိုပါတယ်။

အကြောင်းရင်းကို စုံစမ်းစစ်ဆေးတဲ့အခါ သူမွေးထားတဲ့ ကြောင်ကလေး ဂျင်ကူကျိုက မီးဖိုထဲမှာ သဘာဝအတိုင်း လွတ်လွတ်လပ်လပ် ဆော့ကစားရင်း မီးဖိုကို မတော်တဆ ဖွင့်မိသွားတာကြောင့်လို့ တွေ့ရှိခဲ့ပါတယ်။ ကြောင်လေးဟာ မီးဖိုရဲ့ touch panelက ခလုတ်ကို ထိမိခဲ့ရာက မီးဖိုပွင့်သွားပြီး အဲဒီကနေတဆင့် အပူလွန်ကဲ မီးလောင်ခဲ့တာ ဖြစ်ပါတယ်။

မီးသတ်သမားတွေ ရောက်လာပြီး မီးငြှိမ်းသတ်ပြီးချိန်မှာတော့ ကြောင်လေးကို ပြာတွေအလူးလူးနဲ့ ပုန်းအောင်းနေတာ ရှာတွေ့ခဲ့ပြီး ဒဏ်ရာတော့ ရမထားဘူးလို့ သိရပါတယ်။

ဒန်ဒန်းကတော့ ဆီချွမ်မှာ အမိုက်ဆုံးကြောင်လေးလို့ အရွှန်းဖောက်ပြီး သူ့အချစ်တော်လေး ဂျင်ကူကျိုဆီက ဘယ်လို အလျော်တောင်းသင့်သလဲလို့ လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့ရာက ဒီအကြောင်း လူသိများလာခဲ့တာ ဖြစ်ပါတယ်။ သူက ကြောင်လေးကို မီးရှို့ဖျက်ဆီးရေးသမားလို့လည်း နောက်ပြောင် နာမည်ပေးခဲ့ပါသေးတယ်။

ဒါပေမဲ့ တချို့သော တိရစ္ဆာန် ချစ်သူတွေကတော့ ကြောင်ပိုင်ရှင်က ပလပ်ပေါက် ပိတ်ခဲ့ဖို့ ပေါ့လျော့တာကြောင့် မီးလောင်မှု ဖြစ်ခဲ့တဲ့အပေါ် ကြောင်ကလေးအပေါ် ပုံချတာမျိုး မဖြစ်သင့်ဘူးလို့ စွပ်စွဲ တုံ့ပြန်လာတဲ့အတွက် ဂျင်ဂျင်းက အဲဒီသဘောမျိုး မရည်ရွယ်ခဲ့ကြောင်း ပြန်လည် တောင်းပန်ခဲ့ရပါတယ်။ ပြီးတော့ အနာဂတ်မှာလည်း ဒီလို အခြေအနေ ထပ်မကြုံအောင် အထူးသတိထားပါ့မယ်လို့ အမျိုးသမီးက ကတိပြုသွားခဲ့ပါတယ်။

Ref: SCMP