တရုတ်နိုင်ငံ လူဦးရေ နှစ်နှစ်ဆက်တိုက် ကျဆင်း

ဇန်နဝါရီ၊ ၁၇

တရုတ်နိုင်ငံရဲ့ လူဦးရေဟာ နှစ်နှစ်ဆက်တိုက် ကျဆင်းခဲ့ကြောင်း အာဏာပိုင်တွေက အတည်ပြု ပြောကြားခဲ့ပါတယ်။

 ဆယ်စုနှစ်ပေါင်း အတော်များများ ဆက်တိုက် လူဦးရေ တိုးခဲ့တဲ့ တရုတ်နိုင်ငံဟာ မွေးဖွားနှုန်း စံချိန်တင် ကျဆင်းမှု၊ ကိုဗစ် ကပ်ရောဂါ ဖိစီးမှုတွေကြောင့် ပထမဆုံး အကြိမ်အဖြစ် မွေးဖွားတဲ့ ကလေးအရေအတွက်ထက် သေဆုံးသူ ဦးရေက ပိုများတဲ့ အခြေအနေမျိုး ၂၀၂၂ မှာ ကြုံတွေ့ခဲ့ပါတယ်။ အဲဒီလိုမျိုး လူဦးရေ အနုတ်လက္ခဏာ ပြသွားတဲ့ အခြေအနေဟာ ၂၀၂၃ ခုနှစ် အတွင်းမှာလည်း ဆက်လက် တည်မြဲခဲ့တယ်လို့ အမျိုးသား စာရင်းအချက်အလက် ဗျူရိုက ဇန်နဝါရီ ၁၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၃ နှစ်ကုန်ဆုံးချိန်မှာ တရုတ်နိုင်ငံ လူဦးရေဟာ ၁.၄၀၉ ဘီလီယံရှိပြီး ၂၀၂၂ ခုနှစ်ကထက် ၂ သန်းတောင် ပိုလျော့သွားတာ ဖြစ်ပါတယ်။ ၂၀၂၁ နဲ့ယှဉ်ရင် ၂၀၂၂ ခုနှစ်မှာ လျော့ပါးသွားတဲ့ လူဦးရေကတောင် ၈ သိန်းခွဲပဲ ရှိခဲ့တာပါ။

ကမ္ဘာပေါ်မှာ ဒုတိယ စီးပွားရေးအင်အား အတောင့်တင်းဆုံး နိုင်ငံကြီးမှာ မနှစ်က ကလေး ၉ သန်းလောက်​ မွေးဖွားခဲ့ပြီး မွေးဖွားနှုန်းဟာ ၁၀၀၀ မှာ ၆.၃၉ ဦး ရှိတဲ့ အဓိပ္ပါယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ်တချို့နဲ့ ယှဉ်ရင်တော့ မွေးဖွားနှုန်း ထက်ဝက်ကျော် ကျသွားတာဖြစ်ပြီး ၁၉၄၉ ခုနှစ်မှာ တရုတ် ပြည်သူ့ သမ္မတနိုင်ငံ ထူထောင်ခဲ့တဲ့ နောက်ပိုင်း အနိမ့်ဆုံး မွေးဖွားနှုန်း အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

အကျိုးဆက်တွေ အနေနဲ့ မနှစ်ကတည်းက တရုတ်ဟာ ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံဆိုတဲ့ ဂုဏ်ပုဒ်ကို အိန္ဒိယဆီ လက်လွှဲပေးခဲ့ရပြီး ဖြစ်ပါတယ်။ လူဦးရေ ကျဆင်းလာမှုဟာ လုပ်သားရင်းမြစ်ကိုပါ ထိခိုက်စေပြီး ရေရှည်မှာ နိုင်ငံစီးပွားရေးအတွက် အနုတ်လက္ခဏာဆန်တဲ့ သက်ရောက်မှုတွေ ပေါ်ပေါက်လာစေနိုင်ကြောင်း ဝေဖန် သတိပေးမှုတွေလည်း ရှိနေပါတယ်။

တရုတ်မှာ ကလေးမွေးဖွားနှုန်း ၁၀ သန်းမပြည့်တာကလည်း ၂ နှစ်ဆက်တိုက် ရှိလာပါပြီ။ ကလေးယူဖို့ သင့်တော်တဲ့ အသက်အရွယ်တွေ၊ လူငယ်ပိုင်းတွေဟာ အလုပ်နဲ့ ကိုယ်ပိုင် ဘဝကြား ဟန်ချက်ညီအောင် ရုန်းကန်ကြရတာတွေ၊ လူနေမှုစရိတ် ကြီးမြင့်လာတာတွေနဲ့ လူ့အဖွဲ့အစည်းမှာ စွဲကပ်နေတဲ့ လိင်ခွဲခြား ဆက်ဆံလိုမှု ပြဿနာတွေကြောင့် ကိုယ်ပိုင် မိသားစုတွေ ထူထောင်ဖို့ တွန့်ဆုတ်လာနေခြင်းကလည်း ရှိရင်းစွဲ စိန်ခေါ်မှုတွေကို ပိုမို ကြီးထွားလာစေပါတယ်။

 ၂၀၂၃ တနှစ်လုံးမှာ ကလေး ၉ သန်းပဲ မွေးခဲ့ပေမယ့် သေဆုံးသူ ၁၁ သန်းထိ ရှိခဲ့ပြီး ယဉ်ကျေးမှု တော်လှန်ရေးကာလ ၁၉၇၄ ခုနှစ်နောက်ပိုင်း အမြင့်ဆုံး ဖြစ်လာပါတယ်။ အမေရိကန် သုတေသန ရလဒ် တခုရဲ့ အဆိုအရ တရုတ်မှာ ၂၀၂၃ နှစ်ဆန်းပိုင်းတုန်းကတင် အစိုးရရဲ့ ကိုဗစ် တိုက်ဖျက်ရေး အစီအမံတွေ ဖြေလျှော့လိုက်ခြင်းနဲ့အတူ သေဆုံးသူ ၂ သန်းလောက် ရှိခဲ့လိမ့်မယ်လို့ သိရပါတယ်။

သမ္မတ ရှီကျင့်ဖျင်ကတော့ တရုတ် လူ့အဖွဲ့အစည်းဟာ လူဦးရေ ကျဆင်းမှု ပြဿနာကို အလေးထား တုံ့ပြန်ဖို့ လိုအပ်နေကြောင်း သတိပေးခဲ့ပြီး မင်္ဂလာဆောင်နှင်းတာ၊ ကလေးမွေးဖွားတာတွေကို အားပေးတဲ့ အလေ့အထ အသစ်တွေကို မွေးမြူသင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

တချို့သော ဒေသတွေမှာဆိုရင် အာဏာပိုင်တွေက အစဉ်အလာအရ ချိုးနှိမ်စရာလို့ သတ်မှတ်ထားတာတွေကို ပယ်ဖျက်ပြီး ဖခင်မဖော်ပြနိုင်ဘဲ ကလေးမွေးတဲ့ အမျိုးသမီးတွေ အဆင်ပြေအောင် ကူညီ စီမံပေးတာတွေ လုပ်ဆောင်နေပါတယ်။ နိုင်ငံ အလယ်ပိုင်းက ဝူဟန်မြို့မှာ ဆိုရင်လည်း မိသားစုလိုက် ကလေးယူနိုင်တဲ့ အရေအတွက် ကန့်သတ်ထားတာကို မနှစ်က နှစ်ကုန်ပိုင်းမှာ ဖြေလျှော့ပေးခဲ့ပြီး ကလေး ၃ ဦးထိ မွေးဖွားခွင့် ပေးလိုက်ကြောင်း သိရပါတယ်။

 Ref: NBC