နျူစွမ်းအင်သုံး ဟိုက်ပါဆွန်းနစ် ဒုံးကျည် တရုတ်စမ်းသပ်လွှတ်တင်

၁၈၊ အောက်တိုဘာလ၊ ၂၀၂၁။

တရုတ်နိုင်ငံရဲ့ ဩဂုတ်လအတွင်းက စမ်းသပ်ပစ်လွှတ်တဲ့ စွမ်းရည်မြင့် နျူကလီးယားဒုံးကျည်ကြောင့် အမေရိကန်ထောက်လှမ်းရေးတွေ အံ့အားသင့်ခဲ့ရတယ်လို့ အမည်မဖော်လိုတဲ့ သတင်းအရင်းအမြစ် ၅ ခုကို အခြေခံပြီး Financial Times သတင်းဌာနက အစီရင်ခံဖော်ပြပါတယ်။

ဒီအစီရင်ခံစာဟာ အောက်တိုဘာ ၁၆ ရက်၊ စနေနေ့နှောင်းပိုင်းက ထွက်ပေါ်ခဲ့တာဖြစ်ပြီး တရုတ်စစ်တပ်ဟာ နျူစွမ်းအင်သုံး ဟိုက်ပါဆွန်းနစ် ဒုံးကျည်ကို ကမ္ဘာဂြိုလ်ပတ်လမ်းကြောင်းထဲ အနီးဆုံး လွှတ်တင်ခဲ့တာဖြစ်တယ်လို့ ဖော်ပြခဲ့တာပါ။

တရုတ်နိုင်ငံဟာ ဒီစမ်းသပ်မှုအတွက် ထိပ်တန်း နည်းပညာတွေကို အသုံးပြုခဲ့တာဖြစ်လို့ အမေရိကန်တွေအတွက်လည်း အံ့အားသင့်စေခဲ့ပါတယ်။

အဲ့ဒီ အသံထက်မြန်တဲ့ နျူကလီယားစွမ်းအင်သုံး ဒုံးကျည်နည်းပညာဟာ အမေရိကန်ထက် အဆင့်မြင့်နေတာကိုလည်း အမေရိကန် ထောက်လှမ်းရေးတွေရဲ့ ပြောစကားကို အစီရင်ခံစာက အကျဉ်းချုပ်အနေနဲ့ ဖော်ပြခဲ့ပါတယ်။

ဒီအစီရင်ခံစာထွက်လာပြီးနောက်မှာတော့ အမေရိကန်ပြည်ထောင်စုဟာ တရုတ်နိုင်ငံရဲ့ အဆင့်မြင့်နည်းပညာတွေအပေါ် လျှော့တွက်ခဲ့တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုဟာ တရုတ်နိုင်ငံရဲ့ နျူလက်နက် စမ်းသပ်မှုတွေကို အမြဲစောင့်ကြည့်နေခဲ့တာဖြစ်ပြီး အမေရိကန် လေတပ်ဝန်ကြီး ဖရန့်ကန်ဒယ်က မကြာသေးခင်လကပဲ တရုတ်နိုင်ငံမှာ နျူလက်နက်သစ်တစ်ခု တီထွင်နေကြေားကို အရိပ်အမြွက် ပြောခဲ့တာပါ။