ခရမ်းမြို့ပေါ်စစ်ကား၁၀စီးထက်မနည်း ရောက်ရှိ အင်အားဖြည့်

၁၈၊ အောက်တိုဘာလ၊ ၂၀၂၁။

ဒီနေ့မနက်၈နာရီကျော်ကစလို့ ရန်ကုန်တိုင်း၊ခရမ်းမြို့ပေါ်ကို စစ်ကား၁၀စီးထက်မနည်းရောက်ရှိလာပြီး ပိတ်ဆို့ စစ်ဆေးမှုတွေလုပ်နေတယ်လို့ သိရပါတယ်။

စစ်ကား၁၀စီးစလုံးဟာ မနက်ပိုင်း ၁၁နာရီခွဲအချိန်ထိ ခရမ်းမြို့ပေါ်မှာရှိနေပြီး ပိတ်ဆို့စစ်ဆေးနေတာကလွဲပြီး ဖမ်းဆီးတိုက်ခိုက်တာမျိုးမရှိသေးဘူးလို့ ဒေသခံနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။

ယမန်နေ့ညဦးပိုင်းက ခရမ်းမြို့ပေါ်အားကစားရုံနား စစ်ကားတစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရခြင်းကြောင့် စစ်အင် အားထပ်ဖြည့်တင်းတာဖြစ်နိုင်တယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်သားဘယ်လောက် ထပ်မံရောက်ရှိလာသလဲဆိုတာကို မပြောနိုင်သေးဘူးလို့ ခရမ်းချန်နယ်က ဆိုပါတယ်။

‘ရဲစခန်းရှေ့နဲ့ထွေအုပ်ရုံးရှေ့က ကန့်သတ်နယ်မြေပါ။အခုလည်းညကဖြစ်စဉ်ပြီးတော့ အားကစားရုံရှေ့လမ်းကို ပိတ်ဆို့ထားတယ်။မြို့ပြင်ထွက်ချင်တဲ့သူတွေက ထောက်ခံစာအသစ်ပါမှ ထွက်ခွင့်ရတယ်’လို့ ခရမ်းမြို့ခံတစ်ဦး ကပြောပါတယ်။

ခရမ်းပြည်သူတွေအနေနဲ့ အိမ်အပြင်ကိုရော မြို့ပြင်ကို ပါလုံးဝမထွက်ကြဖို့နဲ့ ခရမ်းမြို့ပြင်စစ်ဆေးရေးဂိတ်တွေက ထောက်ခံစာအသစ်မပါရင် အဝင်မခံဘူးလို့လည်း ခရမ်းချန်နယ်က သတိပေးထားပါတယ်။

ထောက်ခံစာအသစ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ နုတ်မထွက်မီ ပြုလုပ်ပေးထားတဲ့ ခရမ်းမြို့မှာနေထိုင် ကြောင်း ထောက်ခံစာဖြစ်ပြီး အုပ်ချုပ်ရေးမှူးတွေနုတ်ထွက်ပြီးနောက် ထောက်ခံစာလုပ်လို့ရတဲ့နေရာလည်း မရှိ တော့ဘူးလို့ သိရပါတယ်။

ရန်ကုန်တိုင်းခရမ်းမြို့နယ်ဟာ မြန်မာတစ်နိုင်ငံလုံးမှာ ပထမဆုံးအနေနဲ့ စစ်အုပ်စုအခြေခံအုပ်ချုပ်ရေးယန္တယား ရာနှုန်းပြည့်ပျက်အောင်တိုက်ဖျက်နိုင်ခဲ့တဲ့မြို့အဖြစ် သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့ပါတယ်။