မုံးကိုးမှာ တိုက်ပွဲပြင်းထန်နေ

၁၈၊ အောက်တိုဘာလ၊ ၂၀၂၁။

မုံးကိုးမြို့နယ် ဖောင်းဆိုင်ကျေးရွာအနီးမှာ အောက်တိုဘာလ ၁၈ရက်နေ့ မနက်ပိုင်းက စတင်ပြီး အကြမ်းဖက်စစ်အုပ်စုနဲ့ ကိုးကန့် MNDAAတို့ အကြား တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၇ရက်နေ့ ညပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုက MNDAAတို့ ခြေကုပ်ရယူထားတဲ့ ဆုတောင်းတောင်ကို ဝင်ရောက်တိုက်ခိုက်ရာမှာ MNDAAက ခုခံစစ်ဆင်နွှဲခဲ့ပြီး စစ်အုပ်စုက အကျဆုံးများစွာနဲ့ တပ်ပြန်ဆုတ်ပြေးခဲ့ရပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာတော့ MNDAAက ဖောင်းဆိုင်ကျေးရွာအနီးက အကြမ်းဖက်စစ်အုပ်စုရဲ့ ဗျူဟာကုန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

“MNDAAက ဆုတောင်းတောင်ကုန်းကို လဆန်းရက်ထဲက တက်သိမ်းထားတာ၊ အဲ့ဒါကို စစ်တပ်က ပြန်လိုချင်လို့ လာတိုက်တာ၊ စစ်တပ်ဖက်က ၅၀လောက်သေသွားပြီး အလောင်းတောင် မကောက်နိုင်ဖြစ်သွားတယ်၊ MNDAAဖက်ကတော့ ဒဏ်ရာရသူ နည်းနည်းရှိတယ်ကြားတယ်၊ ဒီမနက်လဲ အပြန်အလှန် တိုက်ပွဲတွေဖြစ်နေတယ်၊ စစ်တပ်က လက်နက်ကြီးတွေကိုပဲ သုံးပြီးချနေတာ၊ ဆိုတောင်းတောင်က ဗျူဟာကျတော့ ပြန်လိုချင်နေတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

တိုက်ပွဲသတင်းတွေနဲ့ ပက်သက်ပြီးတော့ အကျအဆုံးစာရင်းတွေကို MNDAAအနေနဲ့ သတင်းထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။