တရုတ်မှာ ကိုဗစ်ကူးစက်မှုတွေကြောင့် အသေအပျောက် တစ်သန်းကျော်ထိ ရှိလာနိုင်တယ်လို့ဆို

တရုတ်နိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ ထိန်းမနိုင် သိမ်းမရ ပျံ့နှံ့လာတဲ့နောက် အသေအပျောက် တစ်သန်းကျော်ထိ မြင့်တက်လာနိုင်ကြောင်း ပညာရှင် တချို့က သတိပေး ပြောကြားခဲ့ပါတယ်။

 

အခုလ အစောပိုင်းမှာ တရုတ် အစိုးရဟာ ကာလရှည်ကြာ ကျင့်သုံးခဲ့တဲ့ ဇီးရိုးကိုဗစ် မူဝါဒကို ဖြေလျှော့ပေးပြီး ကပ်ရောဂါ ထိန်းချုပ်ရေးဆိုင်ရာ တင်းကျပ်တဲ့ စည်းမျဉ်း ကန့်သတ်ချက် အများစုကို ပယ်ဖျက်လိုက်ပါတယ်။ အဲဒီ မတိုင်ခင် ကတည်းက တရုတ်မှာ ပြည်တွင်း ကူးစက်မှုတွေ ဆိုးဆိုးရွားရွား မြင့်တက်နေခဲ့ပြီး ဇီးရိုးကိုဗစ်ကို ပယ်ဖျက်လိုက်ချိန်မှာ အခြေအနေက ပိုဆိုးရွားလာပါတယ်။

 

တရုတ်အစိုးရဟာ အမေရိကန် နိုင်ငံက ထုတ်လုပ်တဲ့ mRNA နည်းပညာသုံး အဆင့်မြင့် ကာကွယ်ဆေးတွေအစား ပြည်တွင်းဖြစ် ကာကွယ်ဆေးတွေကိုသာ ခေါင်းမာမာနဲ့ ဆက်လက် သုံးစွဲနေခြင်းက အခုလို ပြဿနာမျိုးတွေကို ကြီးထွားလာစေကြောင်း လေ့လာသူတွေက သုံးသပ်ပါတယ်။ တရုတ်ရဲ့ ကာကွယ်ဆေးတွေဟာ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ Omicron မျိုးကွဲသစ်ကို ဟန့်တားနိုင်စွမ်း လုံးဝနီးပါး မရှိတော့ပါဘူး။

 

လက်ရှိ နှုန်းအတိုင်းသာ ကူးစက်မှုတွေ အဟန့်အတားမရှိ ဆက်လက် ဆိုးရွားနေမယ် ဆိုရင်တော့ နောက်နှစ်အတွင်း တရုတ်လူဦးရေ သန်းပေါင်း ၁၄၀၀ ကျော်ထဲက ၁ သန်းလောက် အဖိတ်အစဉ် ရှိသွားနိုင်တယ်လို့ ကျန်းမာရေး ပညာရှင် တချို့က သတိပေးပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ကလည်း အမှန်တကယ် ထိရောက်တဲ့ ကာကွယ်ဆေးတွေကို အမြန်ဆုံး ဖြန့်ကျက် ထိုးနှံပေးဖို့ တိုက်တွန်းထားပေမယ့် တရုတ် အာဏာပိုင်တွေကတော့ ဒီကိစ္စကို မျက်ကွယ် ပြုထားဆဲ ဖြစ်ပါတယ်။

 

တရုတ်မှာ လက်ရှိ အခြေအနေအရ ဆေးရုံဆေးခန်းတွေ၊ သင်္ချိုင်းတွေ၊ သုဘရာဇာ ဝန်ဆောင်မှု လုပ်ငန်းတွေမှာ လူတွေ ထူထပ်ပြီး ဝန်ထမ်းတွေ မနိုင်မနင်း ဖြစ်နေတာကိုကြည့်ရင် အခြေအနေ ဘယ်လောက် ဆိုးရွားနေတယ်ဆိုတာကို အလွယ်တကူ ခန့်မှန်းနိုင်ပါတယ်။ ဒါပေမဲ့ ဆင်ဆာတည်းဖြတ်မှု တင်းကျပ်တဲ့ တရုတ် အစိုးရကတော့ ပြည်တွင်းမှာ ကိုဗစ်ကြောင့် ထိခိုက်သက်ရောက်မှုတွေ ဘယ်လောက် ပြင်းထန်နေသလဲ ဆိုတာကို အတိအလင်း ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ လက်ရှိ အချိန်ထိ တရုတ်ရဲ့ တရားဝင် ကြေညာချက်တွေအရ ကိုဗစ်ကြောင့် သေဆုံးသူ ဦးရေကို ၅၂၃၅ ဦးလို့သာ ဖော်ပြထားပြီး ဒီဇင်ဘာ လဆန်းပိုင်းနောက်ပိုင်း နေ့စဉ် ကူးစက်မှုနဲ့ သေဆုံးမှု စာရင်းတွေ ထုတ်ပြန်တာကိုလည်း ရပ်ဆိုင်းထားပါတယ်။

 

ကမ္ဘာ့ကျန်းမာရေး သုတေသန ဌာနကြီး တစ်ခုဖြစ်တဲ့ ကျန်းမာရေး မက်ထရစ်နဲ့ စိစစ်မှုဌာန (IHME)က နောက်ထပ် လပိုင်းလောက်အတွင်း အခြေအနေတွေ ဆိုးသထက် ဆိုးလာရင် တရုတ် အစိုးရအတွက် အကြီးအကျယ် စိန်ခေါ်မှုတွေ ကြုံလာရနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ ထိရောက်တဲ့ ကာကွယ်ဆေး ထိုးနှံမှု ပျက်ကွက်တဲ့ ကြားကာလတွေမှာ ဒေသခံ လူထုအတွက် အန္တရာယ် အကြီးဆုံး ဖြစ်နေတတ်ပြီး တရုတ်ဟာ လောလောဆယ် အဲဒီအခြေအနေမျိုးနဲ့ အတိအကျ ကြုံနေတယ်လို့ IHMEက ပြောကြားသွားပါတယ်။

 

တရုတ်မှာ ကူးစက်လူနာ အရေအတွက်က တရိပ်ရိပ် မြင့်တက်နေပေမယ့် ကိုဗစ်ရောဂါ လက္ခဏာတွေကို အပြင်းအထန် ခံစားရတဲ့ အဆင့်ထိ အခြေအနေ ဆိုးသွားတဲ့ လူနာ အချိုးအစားကတော့ အရင်နှစ်တွေထက် သိသိသာသာ ကျဆင်းပြီး လူနာစုစုပေါင်းရဲ့ ၀.၁၈ ရာခိုင်နှုန်းသာ ရှိတော့တယ်လို့ သိရပါတယ်။