ဂျပန်ပိုင်နက်ထိ ရောက်ရှိနိုင်တဲ့ ဒုံးကျည်နှစ်စင်း မြောက်ကိုရီးယား စမ်းသပ်

ဂျပန်ပိုင်နက်ထိ ရောက်ရှိနိုင်လောက်တဲ့ တိုက်ချင်းပစ် ဒုံးကျည် နှစ်စင်းကို မြောက်ကိုရီးယားက စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

 

တောင်ကိုရီးယား အစိုးရက ဒီဇင်ဘာ ၁၈ ရက်မှာ မြောက်ကိုရီးယားရဲ့ အရှေ့ဖက် ကမ်းခြေကနေ ဒုံးကျည်တွေ ပစ်လွှတ်မှုကို အတည်ပြုခဲ့ပါတယ်။ ဒါဟာ ဂျပန် အစိုးရက မြောက်ကိုရီးယားနဲ့ တရုတ်တို့ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ကာကွယ်ရေး မဟာဗျူဟာ အစီအမံတွေ မြှင့်တင်မယ်လို့ ကြေညာခဲ့တဲ့ ကိစ္စအပေါ် ဆန္ဒပြ တုံ့ပြန်တဲ့ လုပ်ရပ်လည်း ဖြစ်နိုင်ပါတယ်။

 

မြောက်ကိုရီးယားဟာ ဒုံးကျည်နှစ်စင်း မပစ်လွှတ်ခင် နှစ်ရက် အလိုမှာလည်း လောင်စာခဲ အတောင့် စွမ်းအင်သုံး ဒုံးကျည် အင်ဂျင်သစ် တစ်ခုကို အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

 

အခုနောက်ဆုံး စမ်းသပ်မှုမှာတော့ မြောက်ကိုရီးယား အနောက်မြောက်ပိုင်း တွန်ချန်ရီ ဒေသကနေ လွှတ်တင်လိုက်တဲ့ ဒုံးကျည်တွေဟာ အမြင့် ၅၅၀ ကီလိုမီတာလောက်က​နေ ပျံသန်းပြီး ကီလိုမီတာ ၅၀၀ လောက် အကွာအဝေးက ဂျပန်ပင်လယ်ထဲ ကျဆင်းသွားခဲ့ပါတယ်။

 

တောင်ကိုရီးယား စစ်တပ်က အဲဒီဒုံးကျည်တွေကို တာလတ်ပစ် အမျိုးအစားတွေလို့ အတည်ပြု ဖော်ပြခဲ့ပြီး အတော်ကြီး မတ်စောက်တဲ့ ထောင့်ချိုးမျိုးနဲ့ ချိန်ရွယ် ပစ်လွှတ်ခဲ့တာလို့ ပြောပါတယ်။ တကယ်လို့ မြောက်ကိုရီးယားက ထောင့်ချိုးကို ခပ်ပြေပြေဖြစ်အောင် နှိမ့်ချပြီး ပစ်လွှတ်မယ်ဆိုရင် ဂျပန်ထိ ရောက်ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။

 

အောက်တိုဘာလတုန်းကလည်း မြောက်ကိုရီးယားဟာ ဂျပန်နိုင်ငံ လေပိုင်နက်ပေါ်က ကျော်လွန်ပြီး ဒုံးကျည်တစ်စင်း ပစ်ခတ်ပြခဲ့တာကြောင့် ဂျပန်မှာ အရေးပေါ် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရသလို အစိုးရကလည်း အရေးပေါ် အစည်းအဝေးတစ်ရပ် ခေါ်ယူခဲ့ရပါတယ်။

 

ဂျပန် ဒုတိယ ကာကွယ်ရေး ဝန်ကြီး  တိုရှီရို အင်နိုက မြောက်ကိုရီးယားရဲ့ လုပ်ရပ်ဟာ ဂျပန်သာမက ဒေသကြီး တစ်ခုလုံးနဲ့ နိုင်ငံတကာ အသိုက်အဝန်းကိုပါ ခြိမ်းခြောက်နေတယ်လို့ ဝေဖန် စွပ်စွဲခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ သူတို့ရဲ့ လက်နက်တိုက်ထဲက ခရီးတာ အဝေးကွာဆုံး ပျံသန်းနိုင်တဲ့ Hwasong-17 အမျိုးအစား တိုက်ချင်းပစ် ဒုံးကျည်ကို နိုဝင်ဘာလက ပစ်ခတ်ခဲ့တဲ့နောက်ပိုင်း ပထမဆုံးအကြိမ် ဒုံးကျည် စမ်းသပ်မှုတွေ ပြန်လည် လုပ်ဆောင်လာတာပါ။ လေ့လာသူတွေရဲ့ အဆိုအရ Hwasong-17ဟာ အမေရိကန် တစ်နိုင်ငံလုံးက ဘယ်နေရာကိုမဆို ရောက်ရှိနိုင်စွမ်း ရှိတယ်လို့လည်း သိရပါတယ်။